မင်္ဂလာဒုံ ၂၈ နိုဝင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ရပ်ကွက် တောတိုက်ဓမ္မရိပ်သာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွင် ရသမျိုးစုံ စာပေစကားဝိုင်းမှ ကြီးမှူးကျင်းပသည့် ၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် စာဆိုတော်နေ့အထိမ်းအမှတ် ကလေးများ ကဗျာရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၏ ကျောင်းတာဝန်ခံ ဒေါ်ဝင်းမာဦးနှင့် တောတိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွေးမောင်မြင့်တို့က အမှာစကားများ ပြောကြားခဲ့ပြီး ယနေ့ကျင်းပ ပြုလုပ်သော စာဆိုတော်နေ့အထိမ်းအမှတ် ကလေးများကဗျာရွတ်ဆိုပြိုင်ပွဲ၏ ရည်ရွယ်ချက်များကို ဆရာမ အေးသစ်သျှားခိုင်က  ပြောကြားခဲ့သည်။

 

2

 

ဆက်လက်၍ ကလေးများ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပတ်သက်၍ အမှတ်ပေးစည်းမျဉ်းများအား ဆရာအောင်ဇော်ဦး (ကြို့ပင်ကောက်)က ရှင်းလင်းပြောကြားကာ ကဗျာရွတ်ဆိုပြိုင်ပွဲ စတင် ယှဉ်ပြိုင်ခဲ့သည်။ ထို့အပြင် တေးသံရှင် မြန်မာပြည်ရဲရင့်အောင်၏ ဖျော်ဖြေတင်ဆက်ခြင်း၊ ကလေးကဗျာ ဆရာ ခိုင်ချစ်အောင်၊ မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဆရာ မြေလတ်ထင်ကျော်မိုး တို့က စာပေများဖတ်ရှုလေ့လာရန် ကလေးများနှင့်ပတ်သက်သော အသိပညာပေး ဟောပြောခဲ့သည်။

 

ယင်းနောက် စာဆိုတော်နေ့အထိမ်းအမှတ် ကလေးများ ကဗျာရွတ်ဆိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်၍ ရသမျိုးစုံ စာပေစကားဝိုင်း နာယက သမားတော်ကြီး ဦးချစ်လှိုင်က ဝမ်းသာမုဒိတာစကားများ ပြောကြားခဲ့ပြီး ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

 

မြတ်သူဇာ(ပြန်/ဆက်)