စားစရိတ်ငြိမ်း အခြေခံမော်တော်ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်

မန္တလေး ၉ မေ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါးရက်ကန်းအသက်မွေးပညာသိပ္ပံကျောင်း၏ စားစရိတ်ငြိမ်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ရေးသင်တန်း ဒုတိယအကြိမ်အဖြစ် သင်ကြားပေးလျက်ရှိရာ မေ ၇ ရက်က အဆိုပါကျောင်းရှိ စက်မှုလက်မှုသင်တန်း လက်တွေ့အလုပ်ရုံ၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

“ဆောင်းဒါးရက်ကန်း အသက်မွေးပညာသိပ္ပံကျောင်းကနေပြီး အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းခြင်းသင်တန်း၊ သံဂဟေသင်တန်း၊ ဝါးလက်မှုသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပါတယ်၊ အခုခေတ်ရဲ့ ယဉ်ကျေးမှုအရ မော်တော်ဆိုင်ကယ်စီးသူတွေဟာ မြို့ပြရောကျေးလက်ဒေသတွေမှာပါ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် အခုလို အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းကို အဓိကထားပြီးဖွင့်လှစ်သင်ကြားပေးတာဖြစ်ပါတယ်”ဟု သင်တန်းနည်းပြ လက်ထောက်အင်ဂျင်နီယာ ဦးဝင်းကျော်မျိုးက ပြောသည်။

 

 

အဆိုပါကျောင်းမှ အခြေခံစာတွေ့လက်တွေ့ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းကို ယခုနှစ် ဇန်နဝါရီလက ပထမအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ၂၂ မြို့နယ်မှ သင်တန်းသား ၂၂ ဦးကို သင်ကြားပေးခဲ့ပြီးဖြစ်သည်။

 

 

“အခုသင်တန်းကို တက်ရောက်သင်ကြားနေတဲ့ သင်တန်းသား ၂၂ ဦးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျန်းမာရေးနဲ့စားသောက်ရေးကို အခမဲ့ကူညီဆောင်ရွက်ပေးပါတယ်”ဟု သင်တန်းနည်းပြ လက်ထောက်အင်ဂျင်နီယာ ဦးမျိုးမြင့်သူက ပြောသည်။

 

 

ယခုသင်တန်းသည် ဒုတိယအကြိမ်ဖြစ်ပြီး သင်တန်းသား ၂၂ ဦးကို တစ်လကြာ စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် တက်ရောက်ခဲ့သော သင်တန်းသား ၂၂ ဦးတွင် ၁၈ ဦးမှာ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်ပြုပြင်ရေးဆိုင်များ ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းပြုနေပြီဖြစ်ကြောင်း သိရသည်။ 

ဝဝ၂