နေပြည်တော် ၁၇ မေ

 

လမ်းဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်း တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်မည်ဆိုပါက သတ်မှတ်ကာလအတွင်း လမ်းပျက်စီးမှုများ နည်းပါးမည်ဖြစ်ပြီး ကုမ္ပဏီများ (သို့မဟုတ်) ဝန်ထမ်းများ၏ ကိုယ်ကျိုးရှာမှုများကြောင့် အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ စာချုပ်ပါ စည်းကမ်းချက်များကို ချိုးဖောက်၍ သတ်မှတ်ကာလအတွင်း ပျက်စီးခဲ့မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်သွားမည့်အပြင် တာဝန်ပျက်ကွက်သည့် ကုမ္ပဏီအား အမည်ပျက်စာရင်း တင်သွင်း၍ အရေးယူမှုများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ “မြန်မာတစ်နိုင်ငံလုံးရှိ အများပြည်သူ အသုံးပြုမြဲဖြစ်သော လမ်းဌာန၊ စည်ပင်သာယာဌာန၊ ဆောက်လုပ်ရေးဌာနတို့နှင့် လွှဲအပ်သော တင်ဒါရ ကုမ္ပဏီအသီးသီးတို့ တာဝန်ယူပြုလုပ်ကြသော ကတ္တရာခင်းလမ်း အသီးသီးတို့သည် အသုံးပြုကာလ မကြာမီမှာပင် လမ်းနှုတ်ခမ်းသားများ ပဲ့ခြင်း၊ လမ်းမျက်နှာပြင် ပေါက်ခြင်းစသည့် ပျက်စီးခြင်းမျိုး မဖြစ်စေရန်အတွက် နိုင်ငံတကာ လမ်းခင်းသော နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်ကြရန်နှင့် အရည်အသွေး ပြည့်မီစွာ လုပ်ဆောင်ကြရန် ပြည်ထောင်စုအဆင့်မှ ညွှန်ကြားထားခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍” ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီးက “မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြု တည်ဆောက်နေသည့် လမ်းခင်းစနစ်သည် Penetration Macadam ဖြစ်ပြီး ၄င်းစနစ်ကို ၉၅ ရာခိုင်နှုန်းထိ အသုံးပြုလျက်ရှိပါကြောင်း၊ အဆိုပါစနစ်သည် ကတ္တရာ အသုံးပြုမှု အနည်းဆုံးဖြစ်ပြီး ကျောက်ကြီးများကြားထဲတွင် ကျောက်သေးလေးများ ညှပ်၍ ကတ္တရာလောင်းပြီး အပေါ်မှ ကျောက်မှုန့်၊ Chipping ဖြူးသည့် စနစ်ဖြစ်ပါကြောင်း၊ လမ်းတစ်လမ်းကို ကုန်ကျစရိတ် အသက်သာဆုံးခင်းသည့် နည်းစနစ်ဖြစ်ပြီး Penetration Macadam စနစ်ကို Main လမ်းမကြီးများတွင် အသုံးပြုသည်မှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းပင် ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီး၏ ပြည်ထောင်စုလမ်းများ အားလုံးတွင် Asphalt Concrete နည်းပညာကို အသုံးပြုနေကြပြီ ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် Penetration Macadam အဆင့်မှ မတက်သေးသည့် အကြောင်းအရာ ၂ ချက် ရှိပါကြောင်း၊ နံပါတ် ၁ အချက်အနေဖြင့် Lack of Finance ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ပေးထားသည့် ဘတ်ဂျက်သည် Penetration Macadam အဆင့်ပင် ဆောင်ရွက်နိုင်သည့် ဘတ်ဂျက်သာ ရှိပါကြောင်း၊ နံပါတ် ၂ အချက်အနေဖြင့် Lack of Equipments ဖြစ်ပါကြောင်း၊ Asphalt Concrete ခင်းမည် ဆိုပါက လိုအပ်သည့် AC Plant ၊ Paver ၊ Roller ၊ Tipper စသည်ဖြင့် ဆက်စပ်ပစ္စည်း အစုံအလင် ရှိရမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မြို့နယ်ပေါင်း ၃၃၀ ကို AC Plant နှင့် AC Paver များ ပေးနိုင်သည့် အခြေအနေ မရှိသေးဘဲ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုကို AC ခင်းစက် ၁ စုံလောက်သာ ဖြန့်ခွဲပေးထားနိုင်သည့် အနေအထား ရှိနေသေးပါကြောင်း။

 

ယခုအခါ World Bank မှ အကူအညီပေးမည့် AC Plant ၂၉ စုံ ထပ်မံရောက်ရှိလာပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖြန့်ခွဲပေးပို့၍ တတ်နိုင်သမျှ မြို့ကြီးများနှင့် ဦးစားပေးလမ်းများတွင် AC လမ်းများ တိုးတက်လာစေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကတ္တရာလမ်း နှုတ်ခမ်းပဲ့ခြင်း၊ လမ်းမျက်နှာပြင် ပေါက်ပြဲခြင်းစသည့် ကိစ္စများအတွက် တစ်ကွက်ပေါက်လျှင် တစ်ကွက်ပြင်စနစ်ဖြင့် အချိန်နှင့် တပြေးညီ ပြုပြင်သွားရန်လည်း ညွှန်ကြားချက်များ ပေးပို့ဆောင်ရွက်စေလျှက်ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံး တွင်ရှိသည့် လမ်းများနှင့်ပတ်သက်၍ နည်းပညာအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် စီမံချက်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပေါ်ထွက်လာသည့် နည်းပညာ အသစ်များကိုလည်း မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်လေ့လာသုံးသပ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

 

MDN