မြန်မာနိုင်ငံသည် ၁၁ ရာစုတွင် ပုဂံသို့ ထေရဝါဒဗုဒ္ဓသာသနာရောက်ရှိပြီးနောက် ပိဋကတ်စာပေကို အခြေပြုပြီး မြန်မာစာပေ ထွန်းကားလာသောနိုင်ငံ ဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက် ဗုဒ္ဓစာပေကို အခြေပြုရေးဖွဲ့သော စာပေအမျိုးမျိုး အင်နှင့်အားနှင့်ပေါ်ထွန်းလာခဲ့သည်။ ခေတ်အဆက်ဆက်၌ ခေတ်ကိုထင်ဟပ်သည့် စာပေများဖြင့် အကျိုးပြုခဲ့သည်။ မြန်မာတို့စည်းလုံးညီညွတ်ရေး၊ မျိုးဆက်သစ်လူငယ်များ အားမာန်ပြည့်ဝ လာရေး၊ ဇာတိမာန်လှုံ့ဆော်ရေး၊ ဘဝကိုဆင်ခြင်သုံးသပ်နိုင်ရေး၊ ရဲရဲရင့်ရင့်ရင်ဆိုင်နိုင်ရေး အားပေးခဲ့သည်။

 

စာပေသည် ခေတ်အဆက်ဆက် တိုင်းပြည်နှင့်လူမျိုးကို များစွာအကျိုးပြုခဲ့သည်။ သို့သော်  တိုးတက် ပြောင်းလဲလာသော ခေတ်ကာလနှင့် သတင်းအချက်အလက်နည်းပညာများ ထွန်းကားလာသော ယနေ့အခါတွင် နိုင်ငံတစ်ဝန်း၌ အများပြည်သူတို့ ဖတ်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်ပေးထားသော စာကြည့်တိုက်များ မှေးမှိန် လာသည်။ စာပေဖတ်ရှုသည့် အလေ့အထများလျော့ပါးလာသည်။ ထို့ကြောင့် သတင်းအချက်အလက်နှင့် နည်းပညာများ တိုးတက်ထွန်းကားသော်ငြားလည်း စာပေ၏တန်ဖိုး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိမြင်နားလည်လာရန်အတွက် နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြ ရမည်ဖြစ်သည်။

 

ယခုအခါ စာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို မြို့နယ်တိုင်းတွင် လှုပ်ရှားဆောင်ရွက် နေကြသည်။ စာပေဖတ်ရှုသည့် အလေ့အထများ ပြန်လည်ထွန်းကားမှ စာကြည့်တိုက်များ ဖွံ့ဖြိုးမည်။ စာကြည့်တိုက်များ ဖွံ့ဖြိုးပြီး စာဖတ်ရှိန်မြင့်မားလာမှ လူတစ်ဦးချင်းအလိုက် အသိပညာဗဟုသုတများ မြင့်မား တိုးတက်ပြီး လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံကိုအကျိုးပြုမည်ဖြစ်သည်။ ထို့ကြောင့် စာပေဖတ်ရှုသည့် အလေ့အထများ ထွန်းကားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာ ဖတ်ရှုခြင်းမှရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး ပွဲတော်များကို အမြို့မြို့အနယ်နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေပြီဖြစ်သည်။

 

စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူမှာ ရပ်နေသည့်လူနှင့်တူသည်။ စာတတ်ပြီး စာပေလေ့လာဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့် လူနှင့်တူသည်ဟု နိုင်ငံတော်အကြီးအကဲက လမ်းညွှန် ထားသည်။ ဆိုလိုသည်မှာ စာမတတ်လျှင် အကန်းနှင့်တူပြီး စာတတ်ပြီး စာမဖတ်လျှင် မတိုးတက်သူ ဖြစ်ပေမည်။ စာလည်းတတ်၊ စာလည်းဖတ်လျှင် အနာဂတ် ခရီးလမ်းကို ဖြောင့်ဖြောင့်မှန်မှန် တိုးတက်အောင် လျှောက်လှမ်းနိုင်သူဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာလည်းတတ်၊ စာလည်း ဖတ်ပြီး အသိဉာဏ်ပညာပြည့်ဝစွာဖြင့် အနာဂတ်ခရီးကို လျှောက်လှမ်းကြ ရမည်ဖြစ်သည်။

 

ကျောင်းသား ကျောင်းသူများသည် နိုင်ငံတော်အနာဂတ်၏ သားကောင်းရတနာများဖြစ်သည့်အတွက် အရည်အသွေးပြည့်ဝသော လူချွန်လူကောင်းများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။ ကျောင်းစာများကို တတ်မြောက်အောင် သင်ကြားခြင်းသာမက အကျိုးဖြစ်ထွန်းသည့် ပြင်ပစာပေများကိုလည်း ဖတ်ရှု လေ့လာကြရမည်ဖြစ်သည်။ စာအုပ်စာပေသည် လူအားလုံးကို အသိပညာဗဟုသုတများ ပေးစွမ်းနိုင်သည့်အတွက် ငယ်ရွယ်စဉ်အချိန် ကျောင်းသားအရွယ်ကပင် စာအုပ်စာပေများကို ဖတ်ရှုလေ့လာကြရန် လိုအပ်သည်။ ယခုကဲ့သို့ စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို ကျင်းပပြုလုပ်ပေးပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်သည်။ စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ကိုယ်တိုင် တစိုက်မတ်မတ် လေ့လာဖတ်ရှုပြီးသည့် အခါတွင် ရရှိလာမည်ဖြစ်သည်။

 

အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ရရှိလာမည့် အသိဉာဏ် ဗဟုသုတများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ် ချက်များဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို ကျင်းပပေးနေခြင်းဖြစ်သည်။ စာဖတ်ခြင်းဖြင့် မိမိတို့ဘဝတိုးတက်အောင်မြင်ပြီး ကြွယ်ဝချမ်းသာ လာကြသူများကို အတုယူအားကျကာ မိမိတို့ အားလပ်ချိန်များတွင် စာဖတ်ခြင်းဖြင့် အချိန်ကို အကျိုးရှိအောင် အသုံးပြုသင့်သည်။

 

သို့ဖြစ်ရာ စာပေကို တစိုက်မတ်မတ် လေ့လာဖတ်ရှုခြင်းဖြင့် ကိုယ်ပိုင်အရည်အချင်း ဝမ်းစာများ ပြည့်ဝ ကောင်းမွန်လာပြီး အရာရာအကြောင်းကြောင်းတို့တွင် ဖြေရှင်းနိုင်စွမ်းရှိသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။ ယခုအကောင် အထည်ဖော်နေသော လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ရှိန်မြင့်မားလာသည်နှင့်အမျှ စာကြည့်တိုက်ယဉ်ကျေးမှုများ ပြန်လည် ထွန်းကားလာပြီး စာကြည့်တိုက်များ ရေရှည်တည်တံ့ကာ နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ