နေပြည်တော် ဇန်နဝါရီ ၁၈
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၇) ကို “စာကြည့်တိုက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဉီးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအနေဖြင့် စစ်ဆေးရေးနှင့် ရုံးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးများ ပြည့်ဝနေစေရန်သာမက မဟာဗျူဟာ ကျသည့် အသိအမြင်များ၊ တွေးခေါ်မြော်မြင်မှုနှင့် ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းများလည်း ပြည့်ဝနေရန် လိုအပ်ပါကြောင်း၊ ယနေ့တွင်လည်း ၁၉၇၄ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာကြည့်တိုက်ထားရှိမှုစနစ်များ ခေတ်မီဆန်းသစ်ပြီး အဆင့်ဆင့်တိုးတက် ပြောင်းလဲမှုများနှင့် စာကြည့်တိုက်ပညာ ရပ်ဆိုင်ရာများကို ဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ စာပေဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာများတိုးပွားပြီး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေရေးအတွက် အထောက်အကူပြုနိုင် မည်ဖြစ်သဖြင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှု သွားကြစေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့၊ စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စီစီလွန်းတင်က စာကြည့်တိုက်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ အဆင့်ဆင့်တိုးတက် ဖြစ်ပေါ်ပြောင်းလဲလာပုံ၊ အမျိုးသား စာကြည့်တိုက်တွင်ထားရှိသည့် ပုံစံများနည်းတူ ဆောင်ရွက်ထားရှိမှုများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမနှင့် အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း ခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online မှလည်းကောင်း တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်