မန္တလေး ၁၆ မေ
စာဖတ်ရှိန်မြှင့်တင်နိုင်ရန်နှင့် ကလေးငယ်များ စာကြည့်တိုက်တွင် ပျော်ရွှင်စေရန်အတွက် ပုံပြင်ပြောပြခြင်း လှုပ်ရှားမှုနှင့် ဂိမ်းကစားခြင်းများကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စာကြည့်တိုက်မှူး ဒေါ်စန္ဒာအေးအောင်က ဆရာ ရဲသူ ရေးသားသရုပ်ဖော်ထားသော 'တုံ့လှယ်မေတ္တာ' ပုံပြင်ကို ပြောပြ၍ ကလေးများနှင့်အတူ ထိုပုံပြင်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
'သားတို့က စာဖတ်နေရတာထက် ဒီလိုပုံပြင်လေးတွေပြောပြတော့ ပျော်တာပေါ့။ ဂိမ်းတွေပါ ကစားပေးတော့ စာကြည့်တိုက်ကို မနက်တိုင်း လာချင်တယ်လေ . . . ' ဟု ဆဌမတန်းတွင် ပညာသင်ကြားနေသော မောင်ငြိမ်းချမ်းမှ ပြောသည်။
ထို့နောက် ကလေးများ စာကြည့်တိုက်တွင် ပျော်ရွှင်စေရန် ပါဆယ်ဂိမ်းများ ကစားပေးခဲ့ကြောင်း သိရသည်။
တင်ဇာလှိုင်(ပြန်/ဆက်)