မိုးညှင်း ၁၁ မတ်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ယနေ့နံနက်(၉) နာရီမှ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနတစ်ခုဖြစ်သော အထက-၁စာစစ်ဌာနတွင် ဖြေဆိုမည့်ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့က အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အထက-၁ စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် လာရောက်သည့် ရွာသစ်ကုန်းကျေးရွာ၊ ဥယျာဉ်မှူး ဘော်ဒါဆောင်တွင် နေထိုင်သည့် ကျောင်းသူ ထွန်းစန္ဒာနီကျော်သည် ၎င်း၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးပေါ်မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည်။
မိုးညှင်းတစ်မြို့နယ်လုံးတွင် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(စာဖြေဌာန) ၁၃ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူပေါင်း ၆၄၃၀ ဦးရှိပြီး ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့(မြန်မာစာ) ဖြေဆိုသူပေါင်း ၆၁၁၂ဦး ဖြေဆို၍ ၃၁၈ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ စာရင်းဇယားများအရသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)