မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို အလေးထားဆောင်ရွက် လျက်ရှိရာ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းကာကွယ်နိုင်ပြီး ကိုဗစ် ပထမလှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။ ကိုဗစ်- ၁၉ ဒုတိယလှိုင်းသည် ပထမလှိုင်းထက်ဆိုးဖို့များသည်ဟု လေ့လာသူများက သုံးသပ်ထားရာ စိတ်အင်အားများကိုမလျှော့ဘဲ အဆက်မပြတ် ကြိုးပမ်း အားထုတ်ကာကွယ်ကြရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည်မှ ဇွန်လ ၁၇ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၂၆၃ ဦးရှိခဲ့ရာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် ရောဂါ ပြန်လည်ပျောက်ကင်းသူ သုံးပုံနှစ်ပုံခန့်ရှိပြီး ရောဂါဖြစ်ပွားသူများအား ထိန်းထားနိုင်ခဲ့သည်။ သို့သော် ဇွန်လ ၁၈ ရက်နေ့ နံနက်အချိန် ဓာတ်ခွဲ စစ်ဆေးမှုတွင် ရောဂါပိုးတွေ့လူနာ ၂၃ ဦး တိုးလာခဲ့သည်။

 

စံချိန်တင် အစုလိုက် အပြုံလိုက် ရောဂါပိုးတွေ့ရှိမှုမှာ ပြည်တွင်း၌ ရောဂါပိုးကူးစက်ခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများဖြစ်ရာ ၎င်းတို့ကို ထိန်းချုပ်ကုသဆောင်ရွက်ပေးနေသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု တွင် ပြည်ပမှ တရားဝင်ရောက်ရှိလာသော လူများဖြစ်ပါက စနစ်တကျ ထိန်းချုပ်ကုသပေးနိုင်သဖြင့် အများပြည်သူတို့အား ထပ်ဆင့်ကူးစက် နိုင်မည့်အရေးအတွက် စိုးရိမ်ဖွယ်ရာအထူးမရှိပေ။ တရားမဝင်ခိုးဝင်လာပြီး ပြည်သူလူထုကြားတွင် ရက်ရှည်ထိတွေ့သွားလာနေလျှင်မူ စိုးရိမ်ဖွယ်ရာ ဘေးအန္တရာယ်များ ပေါ်ပေါက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

 

ပြည်ပမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ၌ ရောဂါပိုး တွေ့ရှိခြင်းအပေါ် အပြစ်ဆိုစရာ မဟုတ်ပေ။ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှ ဖြစ်စေ ဒုက္ခရောက်နေသူ နိုင်ငံသားများအား ကူညီစောင့်ရှောက်ပေးနိုင်ခြင်း သည်သာ ဂုဏ်ယူဝမ်းမြောက်စရာဖြစ်သည်။ မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေသူများ သိန်းပေါင်း များစွာ ရှိသည်။ ကိုဗစ်-၁၉ ရောဂါ တစ်ကမ္ဘာလုံးဖြစ်ပွားနေသောအချိန် အခါ၌ ပြည်ပရောက်မြန်မာနိုင်ငံသားများ ဒုက္ခအခက်အခဲများ ရင်ဆိုင် ကြုံတွေ့ကြရသဖြင့် မိခင်နိုင်ငံသို့ ပြန်လာလိုသူ အမြောက်အမြားရှိရာ မြန်မာနိုင်ငံသားများ တစ်သုတ်ပြီးတစ်သုတ် ပြန်လည်ရောက်ရှိလာကြသည်။

 

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကတည်းက မြန်မာအစိုးရသည် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တရုတ် နိုင်ငံ ဝူဟန်မြို့တွင် ပညာသင်ကြားနေသည့် မြန်မာပညာသင် ၅၉ ဦးကို အထူးလေယာဉ်စေလွှတ်ပြီး ပထမဆုံးပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။ ယခု ဇွန်လ ၁၈ ရက်နေ့အထိ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြည်ပ နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသား ၄၅၈၇ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ သည်။ ယခုအခါ ထိုင်းနိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသား ၃၁၀၀၀၊ တရုတ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသား ၉၇၁၂ဦး ပြန်လည်လက်ခံနိုင်ခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန် နိုင်ငံတော်အကြီးအကဲများက လမ်းညွှန် ထားသည်။ မည်သည့်နိုင်ငံသို့ မည်သည့်ပုံစံဖြင့် တရားဝင်ဖြစ်စေ၊ တရား မဝင်ဖြစ်စေ ရောက်ရှိနေပါက မိမိတို့နိုင်ငံသားများအား ကူညီစောင့်ရှောက် ရမည့်တာဝန်ရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော် အထူးသတိ ထားရမည်မှာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေး စနစ်တကျအကွက်စေ့စေ့ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော နိုင်ငံသားများ ကို လက်ခံစောင့်ရှောက်ပေးရန် အားလုံးတွင်တာဝန်ရှိသကဲ့သို့ ပြည်ပမှ ပြန်လည်ရောက်ရှိသူအားလုံးကို မလစ်ဟင်းမကျန်ရစ်စေဘဲ သတ်မှတ် ထားသောနေရာ၌ သတ်မှတ်ထားသည့်လမ်းညွှန်ချက်များအတိုင်း ကန့်သတ်ထားရှိပြီး ဆောင်ရွက်ပေးရေးမှာ အရေးကြီးသည်။ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား စာနာထောက်ထား ကူညီ စောင့်ရှောက်ပေးနေချိန်တွင် သန်း ၅၀ ကျော်သော မြန်မာပြည်သူပြည်သား များအား ရောဂါပိုးမကူးစက်ရေးကို နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ