စားနပ်ရိက္ခာထုတ်လုပ်သည့် အဓိကနိုင်ငံအဖြစ် ရပ်တည်နိုင်ရေး

ဇွန် ၂၂၊ ၂၀၂၂

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီး ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင်လည်း ကပ်ရောဂါအရှိန် လျော့လာပြီဖြစ်ရာ ကိုဗစ်-၁၉ အလွန်စီးပွားရေး ပြန်လည်ထူထောင်မှုများကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည့်အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သို့ရာတွင် နောက်ထပ်ဖြစ်ပေါ်လာသည့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများမှ ရိုက်ခတ်လာသည့် အခက်အခဲ၊ အကျပ်အတည်းများက ကိုဗစ်-၁၉ ဖိစီးနှိပ်စက်မှုမှ နာလန်ထလာကြရသည့် နိုင်ငံများကို ထိခိုက်ခံစားရမှု ကြီးမားစေသည်။

မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ပြည်ပပို့ကုန် တင်ပို့နိုင်မှုအပေါ်တွင် တည်မှီနေသည့်အလျောက် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသည်။ ဇွန်လ ၁၆ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး ( ၅/၂၀၂၂ )တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ “ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရန်အတွက် ချေးငွေများရှိနေသေးကြောင်း၊ နိုင်ငံအတွက် ဝင်ငွေများရရှိအောင် ဆောင်ရွက်ရန်လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကပို့ကုန်များ မြှင့်တင်ပေးနိုင်ရန်အတွက် ပုဂ္ဂလိကပို့ကုန်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်လာစေရန် အားပေးကြောင်း၊ ပြည်တွင်းထွက်ကုန်များကို ပြည်ပသို့ ကုန်ကြမ်းများ တင်ပို့ခြင်းထက် ကုန်ချောတင်ပို့ခြင်းများကိုသာ ဆောင်ရွက်လျက်ရှိကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်များမှာ အဓိကအားဖြင့် လယ်ယာထွက်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချော(CMP)နှင့် အခြားပစ္စည်းများဖြစ်ပြီး သွင်းကုန်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်‌ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းခြင်းဖြစ်သည်။ ကိုဗစ်-၁၉ မဖြစ်မီကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှု နှစ်အလိုက် မြင့်တက်ခဲ့ပြီး ကိုဗစ်-၁၉ အလွန်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် စားနပ်ရိက္ခာ အဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေး မျှော်မှန်းနိုင်ခဲ့ရာ ဈေးကွက်သစ်ရှာဖွေမှုများ ပြုလုပ်သည့်နည်းတူ မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားရေး၊ အစားအစာ လုံခြုံစိတ်ချရမှုအပါ် အာမခံနိုင်ရေး၊ အဆင့်အတန်းမြင့်သည့် ကုန်ချောများအဖြစ် ဈေးကွက်သို့ တင်ပို့နိုင်ရေး စသည်တို့အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူတို့ တညီတညွတ်တည်း အားထုတ်ကြိုးပမ်းကြရမှာ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေမြေရာသီဥတုမှာ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကို တစ်နှစ်ပတ်လုံး လည်ပတ်ထုတ်လုပ်နိုင်သည့် အခြေအနေရှိပြီး မွေးမြူရေးနှင့် ရေထွက်ကုန် လုပ်ငန်းများအတွက်လည်း အခြေခံလိုအပ်ချက်များ ပြည့်စုံစွာ ရှိနေသည်။ ခေတ်မီနည်းပညာ၊ အရင်းအနှီးနှင့် လူတို့၏ လုံ့လ ဝီရိယတို့ ပေါင်းစပ်ဆောင်ရွက်နိုင်သည်နှင့်အမျှ စားနပ်ရိက္ခာ ထုတ်လုပ်သည့် အဓိကနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်ကာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် ရောက်ရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။          ။

မြန်မာ့အလင်း