နေပြည်တော်၊ ၂၇ ဒီဇင်ဘာ
“စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များ အသိပညာပေး ဆွေးနွေးပွဲ အပိုင်း ၃ – Copyright and Contracts Webinar: Episode 3” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ ည ၇ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
"ကျွန်တော်တို့ ဒီနေ့စာပေနဲ့ အနုပညာမူပိုင်ခွင့်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အလုပ်လုပ်ကြမယ်ဆိုရင် မူရင်းမူလ ဖန်တီးသူတွေဟာ စာချုပ်စာတမ်း မရှိကြပါဘူး။ စာချုပ်စာတမ်းနဲ့ တိတိကျကျ မဟုတ်ဘဲ အချင်းအချင်း နားလည်မှု၊ သိနားလည်မှု စသဖြင့် ဒီလိုနဲ့ လုပ်ကြပါတယ်။ ဒါတွေအပေါ်မှာ အခြေပြုပြီး အလုပ်လုပ်ကြတာများပါတယ်။ ဒီနေရာမှာ မူရင်းဖန်တီးသူတွေ တကယ့် တကယ်မှာတော့ အခက်အခဲတွေနဲ့ တွေ့ကြုံလာရတယ်၊။ နစ်နာဆုံးရှုံးမှုတွေကို တွေ့ရပါတယ်။ ဒါကြောင့် မူပိုင်ခွင့်နဲ့ စာချုပ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါတယ်။" ဟု စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဆရာချစ်ဦးညို က ဆွေးနွေးပွဲနှင့် ပတ်သက်၍ အကြိုနှုတ်ခွန်းဆက်စကား ဗွီဒီယိုမက်ဆေ့တွင် ထည့်သွင်းပြောကြားခဲ့သည်
ယနေ့ ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုနှင့်အတူ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ(၂၀၁၉)နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ အပိုင်း(၁) နှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် နည်းပညာ အသိပညာပေးဆွေးနွေးပွဲ အပိုင်း(၂) တို့ကို ကျင်းပခဲ့ပြီးဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ စာပေအနုပညာဖန်တီးသူတွေရဲ့ ဖန်တီးမှုတွေကို ချိုးဖောက် ခံရတာတွေ၊ ခိုးယူခံရတာတွေ မဖြစ်စေဖို့ ထိန်းသိမ်းဆောင်ရွက်သွားမှာ ဖြစ်သလို တစ်ဖက်ကလည်း အသိပညာပေးမှုတွေကို ဆောင်ရွက်သွားရမယ်လို့ ခံယူထားပါတယ်။ အထူးသဖြင့် စာရေးသူနဲ့ ထုတ်ဝေသူရဲ့ကြား၊ အနုပညာ ဖန်တီးသူနဲ့ အသုံးပြုသူရဲ့ကြားမှာ မျှတတဲ့ သဘောတူညီချက်တွေ ပါဝင်တဲ့ စာချုပ်စာတမ်းတွေကို စနစ်တကျ ချုပ်ဆိုကြတဲ့ ကိစ္စဟာ အရေးကြီးတဲ့ ကိစ္စလို့ မြင်ပါတယ်။ "ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဆွေးနွေးပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးအောင်က စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
ထို့အတူ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးအောင်က ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဒေါက်တာသာထွန်းဦး (တူဒေးစာအုပ်တိုက်)၊ ဦးသိန်းအောင်(ဥပဒေပညာရှင်)နှင့် ဦးမြင့်သူ (အိုင်တီပညာရှင်)တို့သည် စာပေအနုပညာ မူပိုင်ခွင့်နှင့် စာချုပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်သည့် စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များ အသိပညာပေး ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ကြသည်။
ဆွေးနွေးမှုများအပြီးတွင် ဆွေးနွေးမှုများနှင့်ပတ်သက်၍ အခမ်းအနား တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
(ဟန်နီဝင်း)


