ရန်ကုန် ၂၀ မေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် ဘာသာပြန်စာပေ ဖွံ့ဖြိုးရေးနှင့် ဘာသာပြန် ဝါသနာရှင်များ တိုးတက်ရေးအတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန် စာမူပြိုင်ပွဲကို နှစ်စဉ်ဖိတ်ခေါ် ကျင်းပလျက်ရှိရာ ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြဋ္ဌာန်းစာအုပ်များကို စတင်ရောင်းချလျက်ရှိပါသည်။

 

ယခင်နှစ်များတွင် ဘာသာပြန်စာမူပြိုင်ပွဲ၌ သုတဘာသာရပ်တစ်မျိုးသာ ပြဋ္ဌာန်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုမှစ၍ ဘာသာပြန် (သုတ)နှင့် ဘာသာပြန်(ရသ)ဟူ၍ နှစ်မျိုးခွဲလျက် ပြဋ္ဌာန်းလိုက်ပါသည်။

 

၂၀၁၉ခုနှစ်အတွက် ဘာသာပြန် (ရသ) ပြဋ္ဌာန်းစာအုပ်မှာ V.S NAIPAUL ရေးသားသည့် COLLECTED SHORT FICTION စာအုပ်ဖြစ်ပြီး ဘာသာပြန် (သုတ) ပြဋ္ဌာန်းစာအုပ်မှာ MIKE GONZALEZ and MARIANELLA YANES တို့ရေးသားသည့် THE LAST DROP:The Politics of Water စာအုပ်ဖြစ်ပါသည်။

 

ယင်းစာအုပ်များကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ရှိ စာပေဗိမာန်အရောင်းဆိုင်၊ ဖုန်း ၀၁-၃၈၁၄၄၈၊ သပြေကုန်း၊ နေပြည်တော်ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း ၀၆၇-၃၄၀၄၁၆၈၊ ၈၆လမ်း ၂၁x၂၂ ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် COLLECTED SHORT FICTION စာအုပ်ကို တန်ဖိုးငွေကျပ် ၅၀၀/THE LAST DROP:The Politics of water စာအုပ်ကို တန်ဖိုးငွေကျပ် ၇၀၀/- တို့ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

 

ပြိုင်ပွဲဝင် စာမူတင်သွင်းရာတွင် သတ်မှတ်ထားသည့်ပြိုင်ပွဲဝင်ပုံစံဖြင့် တင်သွင်းခြင်းကိုသာ လက်ခံမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ပုံစံနှင့်စည်းကမ်းချက်များကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ Website www.moi.gov.mm/ppd တွင် အခမဲ့သော်လည်းကောင်း၊ စာပေဗိမာန်ရုံးတွင် ငွေကျပ် ၂၀၀/-ဖြင့်သော်လည်းကောင်း ဝယ်ယူရရှိပါသည်။ နယ်မှပြိုင်ပွဲဝင်လိုသူများသည် စာအုပ်တန်ဖိုးနှင့် စာအုပ်ပို့ခအပါအဝင် စုစုပေါင်း ငွေကျပ် ၂၅၀၀/-ကို ငွေပို့လွှာဖြင့် ဥက္ကဋ္ဌ၊ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ၊ စာပေဗိမာန်ရုံး၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၁-၃၈၁၄၄၉သို့ လိပ်မူ၍ မှာယူနိုင်ပါသည်။

 

ပြိုင်ပွဲစာမူများကိုလည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ ယင်းလိပ်စာသို့ပင် လိပ်မူ၍ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)