တပ်ကုန်း ၃ ဇန်နဝါရီ      

     

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူး ကျင်းပမည့်  စာပေဟောပြောပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို  ဇန်နဝါရီ  ၂ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး၏ ဂေါပကအဖွဲ့ရုံးခန်းတွင် ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီနာယက ဦးတင်လှ နှင့် ဦးမောင်ပုတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များက ဖိတ်ကြားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဖုန်းဟန်းဆက်များ မဲဖောက်ရေးနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးကြသည်။

 

တပ်ကုန်းမြို့၌ စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပမည့် စာပေ ဟောပြောပွဲကို ဇန်နဝါရီ ၇ရက် ည ၇နာရီတွင် စာရေးဆရာသံလျင်မောင်မောင်ဦး၊ စာရေးဆရာ သရဝဏ်(ပြည်)နှင့် စာရေးဆရာ ဖူးကျော်ဇင်(Future Wave)၊  စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပမည့် စာပေဆုနှင်းပွဲနှင့် စာပေဟောပြောပွဲကို ဇန်နဝါရီ ၁၀ ရက်ည ၇နာရီတွင် စာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)၊ စာရေးဆရာဝေလွင်မောင်နှင့် စာရေးဆရာမ ဆွေဇင်ထိုက်(သရုပ်ဆောင်)တို့က စာပေရေးရာများကို မြို့နယ်အောင်ဆန်းခန်းမတွင် ဟောပြောကြမည်ဖြစ်ကြောင်း သိရသည်။

 

တင်စိုးလွင်