ဒေါက်တာမြတ်မိုး

 

မြန်မာတို့၏ မြန်မာစာပေ။

နှစ်ပေါင်းထောင်ချီ ကြာရှည်တည်ပြီး သမိုင်းရှိသည့် မြန်မာစာပေ၊ မြန်မာတို့၏ အမွေအနှစ် ကောင်းတစ်ခု၊ ဂုဏ်ရောင်ထွန်းသည့် မြန်မာစာပေသည် မျက်မှောက်ခေတ်အထိ မတိမ်ကော၊ မပျောက်ကွယ်၊ အခိုင်အမာတည်ရှိဆဲဖြစ်သည်။ ပုဂံခေတ်မှသည် ယနေ့အထိ လူပုဂ္ဂိုလ်အကျော် အမော် စာဆိုပညာရှင်များ ရဟန်းစာဆို ဓမ္မသူရဲကောင်းများကြောင့် မြန်မာစာပေ၊ ကဗျာယဉ်ကျေးမှု သည် အဖိုးတန်ဆဲ လှပဆဲဖြစ်သည်။

 

တိုင်းကျိုးပြည်ကျိုးဆောင်သည့် ထူးမြတ်သည့် စာဆိုရှင်ပုဂ္ဂိုလ်ကြီးများ ရေးသားခဲ့သော အဖိုးထိုက်တန်၊ စာကောင်းပေမွန်များကြောင့် ပြည်သူပြည်သားများတွင် စွယ်စုံဗဟုသုတ တိုးပွားဝေဖြာ၍ ပညာအသိများ မြင့်မားခဲ့ကြသည်။ အဆင့်မြင့်မား စာဆိုတော်များစွာ မျိုးဆက်မပြတ် ထွက်ပေါ်လွှား၍ မွန်မြတ်သည့် မြန်မာစာပေသည်လည်း အစဉ်မပြတ် ဖွံ့ဖြိုးလာခဲ့သည်မှာ အထင်အရှားဖြစ်ပါသည်။ ထို့ကြောင့် မြန်မာမှုနယ်ပယ်မှာ အရေးကြီးဆုံးများ ထဲက တစ်ခုဖြစ်သည့် မြန်မာစာပေလောကကြီး ယခုအနေအထားထက် ဆက်လက်ဖွံ့ဖြိုးတိုးတက် နေရန်၊ စဉ်ဆက်မပြတ် ချီးမြှောက်ဂုဏ်ပြုရန် ရည်သန်မိသည်။ စာပေပျောက်က လူမျိုးပျောက်မှာ စိုးလှ၍ စာပေနှင့်ပတ်သက်သည့် အစဉ်အလာကောင်းမှန်သမျှ ထိန်းသိမ်းစောင့်ရှောက်ရန် အားလုံးတွင် တာဝန်ရှိပါသည်။

 

အမှောင်ဖောက်ထွင်းအလင်းဆောင်၍ လက်ဆင့်ကမ်းရန် တာဝန်ရှိ

နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းနှင့်အတူ ယဉ်ကျေးမှုရိုးရာဓလေ့များ၊ အတွေးအမြင်နှင့် အမျိုးသားရေး လူမှုရေးကဏ္ဍအဖြာဖြာကို လှစ်ဟဖော်ပြနိုင်ဆုံးသော ကိရိယာသည် စာပေနှင့် ဂီတ ဖြစ်သည်။ မြန်မာ့အဘိဓာန်တွင် “စာပေ” ကို အကြောင်းအရာ အဖြစ်အပျက်၊ အတွေးအခေါ်တို့ကို ရသမြောက်အောင်၊ သုတပွားအောင် ရေးဖွဲ့ထားသောစာ ဖြစ်သည်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားလေရာ လောကကြီးကို အရောင်တင်ပေးသည့်သဘော ပါဝင်နေသည်၊၊ “စာတစ်လုံး ဘုရားတစ်ဆူနှယ်” ဓမ္မရတနာထိုက်သည့်အတွက် အမှောင်ဖောက်ထွင်း အလင်းဆောင်ပြီး ပုံရိပ်ကောင်းများ ဖန်တီးနိုင်စွမ်းရှိ ပါသည်။ အန္တရာယ်အဆိပ်အတောက်ကို ဖယ်ရှားသန့်စင်ရာတွင် စာပေပညာက အထိရောက်ဆုံးဖြစ်ပြီး စာပေထက် ပိုစွမ်းနိုင်သော လက်နက်မရှိနိုင်ပါ။ စကားကပြောသည့် စာလုံးများ၊ အီလက်ထရွန်နစ်နည်းဖြင့် ဖန်တီးထားသည့် စာအုပ်စာတမ်းများထက် လက်ဖြင့် ရေးသားထားသည့် စာအုပ်စာပေက အနှစ်သာရမပျက် ပို၍မှတ်တမ်းဝင်မည် ထင်သည်၊၊ ခိုင်မာပြီး ကြာရှည်တည်တံ့သော အထောက်အထား ကို စာပေက ပိုပေးနိုင်၍ဖြစ်မည်။

 

ထို့ကြောင့် စာပေကို မြှင့်တင်အားပေးရန် အထူး လိုအပ်သည်။ မျက်မှောက်ကာလ အခြေအနေများ အရ စာပေနယ်ပယ် ဖွံ့ဖြိုးရင့်သန်ရန် အဘယ်မျှ အရေးကြီးကြောင်း မေးခွန်းထုတ်ရန်မလို၊ အလွန် ကို အရေးကြီးနေပါသည်။ နိုင်ငံရော လူ့အဖွဲ့အစည်း အလွှာလိုက်မှာပါ နိုင်ငံအရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတနှင့် ညီညွတ်မျှတရေး၊ လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရည် ရင့်သန်သော မျိုးဆက်လူသားများအပေါ် အဓိကတည်မှီနေသည်ဟု ယူဆလျှင် ထိုမျိုးဆက်များ စွမ်းရည်ပြည့်ဝနေဖို့ ဖြည့်ဆည်းပေးကြရန် အားလုံး မှာ တာဝန်ရှိသည်ဟု ခံယူပါသည်။

 

အထူးသဖြင့် လူငယ်မျိုးဆက်များတွင် ဖြစ်သည်။ ခန္ဓာကိုယ်အာဟာရဖွံ့ဖြိုးရန် အစာရေစာက အဓိက ဖြစ်သကဲ့သို့ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်အာဟာရဖွံ့ဖြိုးရန် စာပေယဉ်ကျေးမှုက အရေးကြီး သောနေရာကနေ ရပ်တည်ထောက်ပံ့ပေးပါသည်။ ထို့ကြောင့် မိမိတို့ဘဝကို တိုးတက်ချင်လျှင် စာပေကို ချစ်တတ်ရမည်၊ တန်ဖိုးထားနိုင်ရမည်၊ မိတ်ဆွေကောင်းသဖွယ်သဘောထား စာဖတ်ကြရမည်၊ စာပေနှင့်ဘဝသည် ဆက်စပ်နေသည်ဖြစ်၍ စာပေမြင့်မှ လူမှုဘဝများလည်း မြင့်မားလာမည်ဖြစ်ကာ ထိုမှတစ်ဆင့် လူ့အဖွဲ့အစည်းလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။ စာဖတ်သူများသည့် ဝန်းကျင်ကသာ ယဉ်ကျေးသည့်အသိုင်းအဝိုင်းကို ဖန်တီးပေးသည်ဖြစ်၍ ယဉ်ကျေးသူများဖြင့် တိုးတက်မှုကို ဖန်တီးလိုလျှင် မြန်မာစာပေနှင့် စာပေပညာရှင်များ၏ တန်ဖိုးကို ဆက်လက် လက်ဆင့်ကမ်းပေးရန် တာဝန်ရှိပါသည်။

 

သမိုင်းစဉ်ဆက်အမွေဆက်ခံ စိန်ရတုတိုင် တည်ခဲ့ပြန်

ထိုမျှတန်ဖိုးထား၍လည်း ရက်ကောင်းရက်မြတ် အခါသမယ ဤနတ်တော်လကို စာဆိုတော်လ အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်၊၊ မထင်မရှား “ကလောင်အဖွဲ့” အမည်ဖြင့် စတင်သန္ဓေတည်မျိုးစေ့ချခဲ့သည်။ ထို့နောက်မှ ကိုလိုနီခေတ်တွင် “မြန်မာနိုင်ငံ စာရေးဆရာများ အစည်းအရုံး”၊ ဂျပန်ခေတ်တွင် “စာရေးဆရာများအသင်း”၊ ထို့နောက် ၁၉၄၄ ခုနှစ်မှစ၍ “စာဆိုတော်နေ့” ဟူ၍ အမည်တွင်ခဲ့ကြကြောင်း မှတ်သားဖူးပါသည်။ ထိုမှစ၍ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ် သတ်မှတ်ပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းကာ အစဉ်အလာရှိရှိ ရပ်တည်လာခဲ့ပြီး စာပေဆုများ ချီးမြှင့်ခဲ့သည်မှာ ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ သည် (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု ချီးမြှင့်ပွဲ အထိမ်းအမှတ် ကာလတိုင် တည်ခဲ့ပါပြီ။

 

သမိုင်းအဆက်ဆက် မြန်မာစာပေကိုချီးမြှောက် ခြင်းသည် တစ်မျိုးသားလုံးအတွက် အမျိုးသားရေး စရိုက်လက္ခဏာ၊ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုအမှတ် အသားတစ်ခုအဖြစ်လည်း မှတ်ယူထား၍ ဖြစ်ပါသည်။ ထို့ကြောင့် နှစ်စဉ်နတ်တော်လဆန်း စာဆိုတော်နေ့ ဝန်းကျင်ရောက်တိုင်း စာပေနှင့်ပတ်သက်သည့် ပညာရှင်များကို ချီးမြှောက်ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် စာပေဟောပြောပွဲများ ကဗျာရွတ်ဆိုပွဲများ ကျင်းပပေးကြသည်၊၊ စာပေဆိုင်ရာပြဇာတ်များလည်း ပေါ်ထွန်းခဲ့ဖူးသည်။ စာပေဆုနှင်းသဘင်ပွဲများကျင်းပ၍ သက်ကြီးစာပေ ပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှင့်ခြင်းများ၊ ပူဇော် ကန်တော့ခြင်းများ ကျင်းပပြုလုပ်ပေးကြသည်။ ထူးခြားသည်မှာ စာဆိုတော်နေ့နှင့် ပတ်သက်သည့် အထိမ်းအမှတ်ပွဲများအားလုံးကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲ ကျင်းပပေးနိုင်ခြင်းပင်ဖြစ်သည်။

 

စာပေဆုအမည်များနှင့် ပတ်သက်၍လည်း စာပေဗိမာန်စာပေဆု၊ အနုပညာစာပေဆုများဟူ၍ ခေတ်အဆက်ဆက် အမည်နာမ အမျိုးမျိုးရှိခဲ့ဖူးသည်။ နောက်ပိုင်းမှာ ဘာသာရပ်များအလိုက် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ပြဇာတ်၊ ကဗျာ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ကလေးစာပေ၊ လူငယ်စာပေ၊ ဘာသာပြန်နှင့် သုတပဒေသာဆုများအလိုက် အမျိုးသားစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာ ဆုများ အသွင်ပြောင်းလဲ တိုးတက်လာခဲ့သည်ကို တွေ့ရသည်။

 

ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့သည်ကား ကြုံကြိုက်ခဲသော (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသား စာပေဆုချီးမြှင့်ပွဲ အထိမ်းအမှတ်နှစ်ဖြစ်သည် နှင့်အညီ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲနှင့် စာဆိုတော်နေ့အခမ်းအနားများကို မင်္ဂလာတရားနှင့်အညီ စည်ကားခမ်းနားစွာ ကျင်းပသွားမည် ဖြစ်ပါသည်။ စာပေအမွေ လက်ဆင့်ကမ်းသည့် မွန်မြတ်လှပသော အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းခြင်းလည်း ဖြစ်ပါသည်။

 

စာအုပ်စာပေမှာ မွေ့လျော်နေအောင် ဖန်တီးဆွဲဆောင်

စာပေ၏ အနှစ်သာရနှင့် တန်ဖိုးသည် ကြီးမားလွန်းလှ၍ အများပြည်သူဘက်က ပို၍အလေးထား လာအောင် အသွင်သဏ္ဌာန်ရော အနှစ်သာရပိုင်းမှာပါ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစား ဆောင်ရွက်ပေးလျက် ရှိပါသည်။ အထူးသဖြင့် ယနေ့လူငယ်များသည် စာဖတ်အားနည်းသွားပြီး စာပေကို လျစ်လျူရှုသလို ဖြစ်လာနေသည်ကို တွေ့ရသည်။ ပုံနှိပ်စာပေ အမျိုးအစားကို ဖတ်ရှုရန် အချိန်နှင့် အခြေအနေ မပေးနိုင်ကြတော့သည့်အနေအထားမှာ ကြီးငယ် မရွေး၊ အဆင့်အတန်းမရွေး စာဖတ်ချင်စိတ်များ ဖြစ်လာအောင် တိုက်တွန်းနှိုးဆော်မှု၊ ပညာပေးမှု၊ ဆွဲဆောင်စည်းရုံးမှုများ များစွာပြုလုပ်ရပါဦးမည်။ စာအုပ်စာပေတွင် မွေ့လျော်နေအောင် ဖန်တီးပေးရပါဦးမည်။

 

မိမိဘဝတိုးတက်ဖို့၊ လူ့အဖွဲ့အစည်းမြင့်မားဖို့အတွက် မသိသူကျော်သွား သိသူဖော်စားတတ်သည့် ပညာသည် စာအုပ်စာပေတွင်သာရှိပါသည်။ ထို့ကြောင့် ကျောင်းအလိုက်၊ မြို့နယ်အလိုက်၊ ဌာနအလိုက်၊ မြို့ရွာအနှံ့ စာပေလှုံ့ဆော်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စဉ်ဆက်မပြတ်ပြုလုပ်နေ ရပါမည်။ လူအများစိတ်ဝင်စားသည့် စာပေပြပွဲနှင့် စာအုပ်စျေးပွဲတော်များသည် စာပေကို အလေး အနက်ထားလာအောင် စည်းရုံးနိုင်စွမ်းရှိသည့် စာပေအသက်သွေးကြောများဖြစ်သည်ကို တွေ့ရပါ သည်။ စာပေနှီးနှောဖလှယ်ပွဲများ၊ စာပေအလုပ်ရုံ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပပေးခြင်း သည် အတွေ့အကြုံနှင့် အသိပညာများစွာ ဖလှယ်ခွင့်ရရှိစေပြီး စာပေကို ခေတ်နှင့်အညီ တိုးတက် ထွန်းကားစေမည်ဖြစ်ကာ မြန်မာစာပေကို နိုင်ငံတကာစာပေနယ်ပယ်အထိ ထိုးဖောက်ဝင်ရောက် နိုင်မည့် အခွင့်အလမ်းလည်းရရှိမည်ဟု ယုံကြည်ပါသည်။

 

ယနေ့ကမ္ဘာကြီးတွင် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ များ အရှိန်အဟုန်နှင့် ပြောင်းလဲနေသည်။ အထူး သဖြင့် လူတို့၏ စိတ်နေသဘောသဘာဝများသည် အကောင်းထက် အဆိုးဘက်သို့ ပို၍ ဦးတည်နေသည် ကို တွေ့မြင်နေရသည်။ “အလိမ္မာစာမှာရှိ” ဆိုသည့် အတိုင်း စာပေကသာလျှင် ပညာတိုးပြီး အသိတိုး မည့် ရလဒ်ကိုပေးနိုင်သည်ကို အားလုံးက လက်ခံ ကြသည်။ သို့သော် လူအချင်းချင်း တန်ဖိုးထားမှု၊  အမှားအမှန် ခွဲခြားသိမြင်နိုင်မှုများတွင် အားနည်းချက်များရှိနေပြီး လူ့အဖွဲ့အစည်းအပေါ် အမြင်များ တိမ်းစောင်းလာသည့်အခါ နယ်ပယ်အသီးသီးမှာ အပေါင်းလက္ခဏာမဆောင်သည့် အဆိုးသဘောများသာ များလာသည်ကို တွေ့နေရ သည်။

 

စာပေကသာ လူကို ပြုပြင်ပြောင်းလဲပေးနိုင် သည်ဖြစ်၍ စာကောင်းပေမွန်ကို ရှာဖွေလေ့လာ ဖတ်ရှုခြင်းဖြင့် လူအချင်းချင်းကြား မေတ္တာစိတ်၊ ကရုဏာစိတ်နှင့် လောကပါလတရားများ ကိန်းအောင်းလာစေရေး တွန်းအားပေးနိုင်စွမ်းရှိလာမည် ဖြစ်ပါသည်။ စာပေကိုမြှင့်တင်နိုင်မှ လူမျိုးတင့်မည် ဖြစ်၍ ယခုလာမည့် (၇၅) ကြိမ်မြောက် စိန်ရတု အမျိုးသားစာပေဆုအထိမ်းအမှတ် စာပေဆုများ ချီးမြှင့်ပွဲနေ့တွင် တွေ့မြင်ရမည့် အသွင်အပြင် အားလုံးသည် အနှစ်သာရ မည်မျှပြည့်ဝနေမည်မှာ မလွဲပါကြောင်း မှန်းဆမိပါသည်။

 

စာပေတန်ဖိုး၊ စာဆိုတော်ကြီးများ၏ ကျေးဇူးကို အထူးအသိအမှတ်ပြုသည့် ထိုစိန်ရတုအထိမ်း အမှတ်ကာလမှ ဆက်လက်၍ မြန်မာစာပေကို ယခု ထက်ပို၍ အလေးထားလာကြစေရန်နှင့် ချစ်မြတ်နိုးတတ်လာစေမည့် ခံယူချက်ကောင်းများကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးသွားနိုင်မည်ဟုလည်း ယုံကြည်ထားပါသည်။

 

ထိုမှတစ်ဆင့် စာများများဖတ်လာသည့်အတွက် စာပေကျေးဇူးကြောင့် မိမိတို့ အမြင်အတွေးများပါ ပြောင်းလဲလာပြီဆိုလျှင် မိမိသူတစ်ပါး၊ နှစ်ပါးအကျိုး ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ကြမည့် အကျိုးတရားများ များစွာဖြစ်ထွန်းလာပါလိမ့်မည်။ စာပေကို ချစ်မြတ်နိုးခြင်းသည် အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်းမည်ပါသည်၊၊

 

ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်တတ်လာမည်ဖြစ်ကာ အမျိုးသားရေးလက္ခဏာဆောင်သော ယခုနှစ် စာဆိုတော်နေ့ (၇၅) ကြိမ်မြောက် အမျိုးသားစာပေ ဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ၏ အနှစ်သာရများသည်လည်း ပို၍ပို၍ ပီပြင်လာမည်ဖြစ်ပါသည်။ ထိုအခြင်း အရာအားလုံးကို ဖွံ့ဖြိုးတိုးတက်မှုဆီ ဆောင်ယူလာမည့် အမျိုးသားရေးလက္ခဏာရပ်များအဖြစ် ယှဉ်တွဲ မြင်မိပါကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။