မြန်အောင် ၁၅ ဇူလိုင်
မြန်အောင်မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၏ စာဖတ်ဝိုင်းနှင့် ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးစံဝင်းအောင်က စာပေဖွံ့ဖြိုးရေး၊ စာဖတ်သူတိုးပွားရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မျိုးဆက်သစ် လူငယ်များအနေဖြင့်လည်း စာဖတ်ခြင်း၊ စာရေးခြင်း၊ စာပေဆွေးနွေးခြင်းမှတစ်ဆင့် မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သူများဖြစ်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသော မြို့နယ်စာရေးဆရာအသင်း၊ စာပေချစ်မြတ်နိုးသူများအသင်းဝင် ဆရာ ဆရာမများနှင့် စာဖတ်ပရိသတ်များက ၁၉၈၆ ခုနှစ်၊ ဒီဇင်ဘာလထုတ် ပန်းရုပ်စုံ မဂ္ဂဇင်းမှ စာရေးဆရာ တင့်ဆန်းရေးသားသည့် “စာဖတ်ခြင်း မဖတ်ခြင်း“ ဆောင်းပါးအား ဖတ်ကြားဆွေးနွေးကြပြီး စာဖတ်သူများသာမက စာရေးသူများကလည်း အမြင်သစ်၊ အတွေးသစ်များ ဖြန့်ဝေနိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် မြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) မှ အလှူရှင်များက စာကြည့်တိုက်များအတွက် သုတရသစာအုပ် စုစုပေါင်း ၃၂၈ အုပ်ကို ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွန်းဇော်ထွန်း(မြန်မာစာ)


