မြန်မာစာပေသည် အခြားစာပေများနှင့်မတူ မိမိတို့၏ဘဝမြင့်မားတိုးတက်ရေးအတွက် အသိအမြင် ဗဟုသုတများစွာပေးစွမ်းနိုင်သည့် ခွန်အားများ ပြည့်လျှံနေပါသည်။ စာပေဟုဆိုရာ၌ ရသစာပေဖြစ်စေ၊ သုတစာပေ ဖြစ်စေ၊ သုတရသစာပေဖြစ်စေ တန်ဖိုးရှိသောစာပေများကို ဆိုလိုပါ သည်။ ထိုစာပေများကို ဖတ်မှတ်၊ လေ့လာ၊ ဆည်းပူးမှတ်သားခြင်းဖြင့်အသိအမြင်ဗဟုသုတများ တစ်စတစ်စတိုးပွားစေပါသည်။
ပုဂံခေတ် ရာဇကုမာရ်ကျောက်စာ(ယနေ့ထက်တိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် တည်ရှိသော မြစေတီကျောက်စာ)တွင် မြန်မာ စာပေသည် “ကျေးဇူးတရားသိတတ်ခြင်း” မှစခဲ့သည်ဟု မြန်မာပညာရှိစာရေးဆရာကြီး ဦးဖေမောင်တင်၏ ပြောကြားချက်အရလည်းကောင်း၊ အနုပညာစာပေမှာ “ပေါင်းလှာဝပ်စင်း ယဉ်ကျေးခြင်း” ဟု မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း၏ ရေးသားဖော်ပြချက်အရလည်းကောင်း မြန်မာစာပေ၏ တန်ဖိုးကြီးမားပုံကို သိရှိရပါသည်။
မြန်မာစာပေ၏ မြစ်ဖျားခံရာ အစဦးကတည်းက မြန်မာစာပေကိုဖတ်ရှုလေ့လာမှတ်သားခြင်းဖြင့် ကျေးဇူးတရားသိတတ်ခြင်း၊ အလုံးစုံယဉ်ကျေးခြင်းကို ဆောင်ကြဉ်းစေနိုင်သော အမြုတေကို ဆောင်ထား သည်ဖြစ်၍ ကျွန်ုပ်တို့ မြန်မာလူမျိုးများအနေဖြင့် အဖိုးတန်သော မြန်မာ စာပေကို ဆည်းပူးလေ့လာခွင့်ရရှိသည့် မြန်မာလူမျိုးဖြစ်ရသည်ကိုဂုဏ်ယူ၍မဆုံး၊ အခွင့်အလမ်းများပြည့်လျှံ၍မဆုံးဖြစ်ကြရသည်ဟု ခံယူကြရမည်ဖြစ်ပါသည်။
ထိုသို့ အခွင့်အလမ်းများပြည့်လျှံနေသော်လည်း မျက်မှောက်ကာလတွင် စာဖတ်မှုစွမ်းအားများ နည်းပါးလာကြခြင်းကြောင့်ဟု ဆိုရမည်ကဲ့သို့ပင် ကျေးဇူးတရားများကို သိတတ်မှုနည်းပါးလာခြင်း၊လိမ္မာ ယဉ်ကျေးခြင်းတို့ ပါးလျားလာခြင်းတို့ကို မြင်တွေ့လာရသည်။ ထို့ကြောင့်မြန်မာတို့၏ ရှေးအစဉ်အဆက် စာပေယဉ်ကျေးမှုအစဉ်အလာများကိုပြန်လည်ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် တန်ဖိုးရှိသော မြန်မာ စာပေများကို ဖတ်မှတ်ကြပါဟု တိုက်တွန်းလိုပါသည်။
ကျွန်ုပ်တို့မြန်မာလူမျိုးများသည် မြန်မာစာပေကိုတန်ဖိုးထားမှုနည်းပါးလာခြင်း၊ စာဖတ်ခြင်းအလေ့အထပါးလျားလာခြင်းတို့၏ အကျိုးဆက်အနေဖြင့် ယဉ်ကျေးလိမ္မာခြင်းနှင့် အသိပညာဗဟုသုတများခြင်းတို့လျော့နည်းလာသဖြင့် အသိအလိမ္မာနှင့် ဆင်ခြင်တုံတရားနည်းပါးပြီး မဖြစ်သင့်သည်များနှင့် စိတ်မချမ်းမြေ့ဖွယ်ရာများ ပေါ်ပေါက်လာသည်ဟုဆိုရမလိုဖြစ်နေပါသည်။ ထို့ကြောင့် ကလေးစာပေ၊ လူငယ်စာပေ၊ စာဖတ်ဝိုင်းများကို နေရာအနှံ့တွင် ကျင်းပပေးခြင်းအားဖြင့် အသိအမြင်ဗဟုသုတ များတိုးပွားလာရေးအတွက် ဆောင်ကြဉ်းပေးမှုများကို လက်ကမ်းကြိုဆိုကြရမည်ဖြစ်သည်။ စာပေမှတစ်ဆင့် မိမိတို့၏ဘဝကို ဧကန်မုချမြှင့်တင်ပေးနိုင်သည်ဖြစ်၍ ခေတ်စားနေသော မိမိတို့၏လက်ကိုင်ဖုန်းမှတစ်ဆင့်လေ့လာခြင်းတို့အပြင် စာအုပ်စာပေများကို အချိန်ပေး၍ လေ့လာ ဖတ်ရှုကြရန်လည်း တိုက်တွန်းလိုပါသည်။
လူတစ်ယောက်အနေဖြင့် ကောင်းမွန်သော နှလုံးသွင်းဆင်ခြင်ခြင်း ရှိ၊ မရှိဟူသည့် အရင်းခံအကြောင်းမှာ စာကောင်းပေကောင်းများ ဖတ်ရှုခြင်း၊ မဖတ်ရှုခြင်း၊ ပညာရှိတို့အား ချဉ်းကပ်ခြင်း၊ မချဉ်းကပ်ခြင်းအပေါ်တွင်မူတည်နေသဖြင့် ပညာရှိတို့နှင့် အကြောင်းမတိုက်ဆိုင်ဟုဆိုလျှင်ပင် စာကောင်းပေကောင်းများကို စွဲစွဲမြဲမြဲဖတ်ရှုခြင်းအလေ့အထကို ပြန်လည်ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တန်ဖိုးရှိသော မြန်မာစာပေမှတစ်ဆင့် တန်ဖိုးကြီးမားသောလူ့ဘဝ၊ တန်ဖိုးမြင့်မားသော လူ့ဘောင်လောကကိုဆောင်ကြဉ်းပေးနိုင်သည်ဖြစ်၍ တန်ဖိုးရှိသော မြန်မာစာပေပြန့်ပွားရေးကို ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရင်း မြန်မာလူမျိုးတိုင်း မြန်မာစာပေကိုတန်ဖိုးထားပြီး ဖတ်မှတ်လေ့လာဆည်းပူးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ