mdn

ရန်ကုန် ၂၃ သြဂုတ်

 

ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ဂျပန်ယဉ်ကျေးမှု ဆိုင်ရာအေဂျင်စီ (ACA) တို့က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စာပေနှင့်အနုပညာ မူပိုင်ခွင့်စနစ်နှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်အား စုပေါင်းစီမံခန့်ခွဲသည့်စနစ်တို့နှင့် စပ်လျဉ်းသည့် ''Awareness Seminar on Copyright System and Collective Management Organization (CMO)'' ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းနှင့် Agency for Cultural Affairs, Japan Copyright Office, Office for Promoting Works Distribution Copyright Division မှ ဒါရိုက်တာ Mr. Tsunashige Shirotori တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

 

 

ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ မူပိုင်ခွင့်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနွယ်အေးက Status of the Establishment of IP Systems in Myanmar နှင့် ဒေါက်တာ နွယ်ရီဝင်းက Copyright System of Myanmar and Knowledge on CMO ၊ Myanmar Performance Rights Organization(MPRO)မှ ဒုတိယဥက္ကဋ္ဌ တေးရေးဦးမြင့်မိုးအောင်က Copyright System in the Music Industry in Myanmar ၊ Agency for Cultural Affairs (ACA), Japan မှ ဒါရိုက်တာ Mr. Tsunashige Shirotori မှ Collective Management System in Japan၊ Japanese Society for Rights of Authors, Composers and Publishers(JASRAC) မှ ပညာရှင် Mr. Satoshi Watanabe က Lesson Learned of Japanese CMO၊ International Confederation of Societies of Authors and Composers (CISAC) မှ Asia-Pacific ဆိုင်ရာ Reginal ဒါရိုက်တာ Mr. Benjamin Ng မှ Lesson Learned of International CMO ခေါင်းစဉ်တို့ဖြင့် တင်ပြဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာပေနှင့် အနုပညာဆိုင်ရာအဖွဲ့အစည်း အသီးသီးတို့မှ ကိုယ်စားလှယ်များ၊ Intellectual Property Proprietors Association of Myanmar (IPPAM) မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ ဥပဒေပညာရှင်များ၊ ရန်ကုန်တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ Japanese Chamber of Commerce in Myanmar (JCCM) မှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာန မူပိုင်ခွင့်ဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ပညာပေးဆွေးနွေးပွဲကို စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် ဆက်နွယ်သည့် အခွင့်အရေးများနှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေများကိုလေ့လာနိုင်စေရန်၊ စာပေနှင့်အနု ပညာမူပိုင်ခွင့်များအား စုပေါင်းစီမံခန့်ခွဲသည့်စနစ်နှင့် ထိရောက်စွာစီမံခန့်ခွဲသည့် နည်းလမ်းများ၊ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို လေ့လာသိရှိနိုင်စေရန်၊ အနာဂတ်တွင် စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ တည်ထောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာသတင်း အချက်အလက်များရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)