သိန်းထွန်း (IR)
စာပေသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသည်းနှလုံးဖြစ်သည်။ စာပေသည် လူတို့အား အသိဉာဏ် ပွင့်လင်းစေသည့် ဦးနှောက်အာဟာရကို ဖြစ်စေပါသည်။ ထို့အပြင် စာဖတ်သူတို့ကို ရသကိုးပါး ပေးနိုင်စွမ်းသည့် နှလုံးသားအာဟာရလည်း ဖြစ်ပါသည်။ နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာများအပြင် နှလုံးရည်ပြည့်ဝ သူများဖြစ်ရန်အတွက် စာပေက အဓိကပံ့ပိုးပေးပါသည်။
သို့ဖြစ်သည့်အတွက်လည်း မြန်မာစာပေကို ခေတ်အဆက်ဆက် ထိန်းသိမ်းမြှင့်တင်လာခဲ့ကြရာ မြန်မာစာပေသည် ယနေ့ထက်တိုင် အဆင့်အတန်းမြင့်မား စွာရှိနေပါသည်။ သို့သော် ယနေ့အချိန်အခါတွင်မူ ခေတ်၏ ပြောင်းလဲမှုရေစီးကြောင်းများကြောင့် မြန်မာ့စာပေယဉ်ကျေးမှုသည် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများအကြား လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပါသည်။
စာပေဆိုသည်မှာ
စာပေဆိုသည်မှာ စာကိုသုခုမအရာရောက်အောင် (သို့မဟုတ်) အနုပညာသက်ဝင်အောင် ဖွဲ့စည်း စီရင်ထားခြင်းဟု ဆိုပါသည်။ အချို့ဘာသာစကားများတွင် ရှေးအခါက စာဟူ၍ မပေါ်ပေါက်သေးမီကပင် သီချင်းမျာ၊ ကဗျာလင်္ကာများကို ဖွဲ့နွဲ့သီကုံးကာ စပ်ဆိုမှုပြုခဲ့ကြသည်။ စာပေနှင့်ပတ်သက်၍ “လူတွေသည် စာရေးတတ်မှ စာပေပေါ်တယ်လို့ထင်ကြတယ်။ ဒါပေမဲ့ ရေးတတ်စရေးတဲ့ အကြောင်းအရာဟာ မရေးတတ်ခင်ကပဲရှိပါတယ်။ စာပေဟာ စာအရေးအသား မပေါ်ခင်က စတင်တယ်လို့ ပညာရှင်တွေ အယူရှိပါတယ်” ဟု ဆရာကြီး ဒေါက်တာ သန်းထွန်းက ဆိုပါသည်။ စာပေဆိုင်ရာဖွင့်ဆိုမှုများကွဲပြားစေကာမူ စာပေဟု အများကလက်ခံထားသော စာများသည် အသိဉာဏ်တို့ပေါက်ဖွားရှင်သန်ရာ ဘူမိနက်သန် ဖြစ်သည်ဆိုသည့် အယူအဆကိုမူ ကွဲလွဲကြမည်မထင်ပါ။
ထိုစာပေတို့သည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသိဉာဏ်အရည် အသွေး၊ စဉ်းစားတွေးခေါ်မှု၊ ခံစားမှု ဉာဏ်ရည်၊ စာရိတ္တ၊ ကျင့်ဝတ်လိုက်နာမှု ကဲ့သို့သော အရည်အသွေးများ မြှင့်တင် ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြပါသည်။ ထို့အပြင် ခေတ်အလိုက်ထွန်းကားခဲ့ကြသော စာပေယဉ်ကျေးမှုတို့သည် ယင်းခေတ်၏ သမိုင်း တို့ကို ဖော်ပြနေပါသည်။ စာပေသည် လူသားများ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် အထင်ရှားဆုံး ဖော်ပြချက်များထဲမှတစ်ခုဖြစ်သည်ဆိုသည့် စကားကဲ့သို့ပင် စာပေများသည် ခေတ်၏ကြေးမုံလည်း ဖြစ်ပါသည်။
စာပေ၏ အရေးပါမှု
စာပေသည် လူ့အဖွဲ့အစည်းတွင် များစွာအရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပါသည်။ လူတို့၏ အတွေးအခေါ်တို့သည် စာပေများတွင် အခြေပြုပေါက်ပွားကြပါသည်။ အတွေးအခေါ်တို့ သန္ဓေတည်ရာဟုလည်း ဆိုနိုင်ပါသည်။ ထို့အတူ စာဖတ်သူများ၏ နယ်ပယ်ချဲ့ထွင်မှုကို စာပေက ကူညီပံ့ပိုးပေးနိုင်ပါသည်။ စာပေမျိုးစုံကို ဖတ်ရှုလေ့လာခြင်းဖြင့် ကမ္ဘာ အနှံ့ရှိ ဒေသများ၊ လူမျိုးများ၊ ယဉ်ကျေးမှု များ၊ ဓလေ့ထုံးတမ်များ၊ အယူအဆများ နှင့် သမိုင်းကြောင်းများကို နှိုင်းယှဉ် သိရှိနိုင်ပါသည်။ မတူကွဲပြားသော စာပေများသည် စာဖတ်သူများ၏ အတွေး အမြင်များကို ဖွင့်ပေးနိုင်ပါသည်။
ထို့အပြင် ခေတ်အဆက်ဆက်မှ စာပေများသည် အတိတ် သို့မဟုတ် ပစ္စုပ္ပန်၏ သမိုင်းကြောင်းများကို ချိတ်ဆက်ရာတွင် ထိရောက်သောနည်းလမ်းတစ်ခု ဖြစ်ပါသည်။ ဥပမာ အင်းဝခေတ် ကဗျာလင်္ကာများကို လေ့လာခြင်းဖြင့် ယင်းခေတ်၏ လူမှုဓလေ့များ၊ ယဉ်ကျေးမှုနှင့် အတွေး အခေါ်တို့ကို သိရှိရသဖြင့် ယနေ့ခေတ် အခြေအနေများနှင့် နှိုင်းယှဉ်သိရှိနိုင်မည် ဖြစ်သည်။ စာပေများသည် သုတများပေးနိုင်ရုံမက ရသများလည်း ပေးနိုင်ပါသည်။ စာပေသည် လူတစ်ဦးချင်း တစ်ယောက်ချင်းအတွက်သာမက လူ့အဖွဲ့အစည်းအတွက်လည်း အရေးပါပါသည်။
အကျိုးပြုမှု
စာတတ်သူများသည် စာပေကို ဖတ်ကြသည်။ စာပေဖတ်သောအခါ အကြောင်းအရာအလိုက် ဆိုင်ရာအသိ ဉာဏ်ကိုရသည်။ ထို့ကြောင့် စာပေသည် အသိဉာဏ်ကိုရစေသော ပစ္စည်းကိရိယာအဖြစ် သတ်မှတ်သည်။ ယင်းကို ဒဿနဝေါဟာရဖြင့် သဒ္ဒပမာဏာဟုခေါ်သည် ဟု ဆရာကြီး ဦးရွှေအောင်၏ စာဖတ်သူများ စာအုပ်တွင် ဆိုထားပါသည်။ စာပေမြင့်မှ လူမျိုးမြင့်မည်၊ စာပေပျောက်က လူမျိုးပျောက်မည်ဆိုသည့် မြန်မာ ဆိုရိုးစကားရှိပါသည်။ အဓိပ္ပာယ်မှာ စာပေမြင့်မားတိုးတက်လာသော လူမျိုးတို့သာ အဆင့်အတန်း တိုးတက်မြင့်မားမည်။ စာပေပျောက်ကွယ်ပါက လူမျိုးပါတိမ်ကောပပျောက်မည်ဟု ဆိုပါသည်။
စာပေသည် ဤမျှအစွမ်းထက်ပါ၏။ လက်တွေ့တွင်လည်း တိုးတက်လိုသော လူတိုင်းသည် စာပေနှင့် ကင်းကွာ၍ မရပါ။ စာပေမှရရှိသော အသိပညာ၊ ဗဟုသုတ၊ ပျော်ရွှင်မှု၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်နှင့် အရည်အသွေးများသည် လူတစ်ဦးတစ်ယောက်ကိုသာမက လူ့ အဖွဲ့အစည်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေခံလိုအပ်ချက် ဖြစ်ပါသည်။
စာပေသည် လူ့အဖွဲ့အစည်း၏ အဆင့်အတန်းကိုမြင့်မားစေပြီး အသိဉာဏ် ပွင့်လင်းစေသည်ဆိုသော်လည်း စာဖတ်သူတို့အား အဆိပ်အတောက်ဖြစ်စေသည့် စာပေများရှိကြသည်ကို သတိပြုကြရပါမည်။ စာပေတွင် ကဏ္ဍအမျိုးမျိုး ရှိကသည်ဖြစ်၍ စာဖတ်သူများသည် မိမိ ဖတ်ရှုသည့် စာပေ၏ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ဆန်းစစ်ဖတ်ရှုမှသာ စာပေ၏ ကောင်းကျိုးကို ရရှိနိုင်ပါသည်။
“စာဖတ်ခြင်းဟူသည် စာဖတ်သူ၏ ဘဝ၌ မြင့်မားသော အကွေ့အပြောင်းကို ဖြစ်ပေါ်စေသော “အသိဉာဏ်” ကို ရရှိမှသာလျှင် မှန်ကန်သော စာဖတ်ခြင်းမည်၏” ဟု မှန်ကန်သောစာဖတ်ခြင်းနှင့် ပတ်သက်၍ ဆရာကြီး ဦးရွှေအောင်က ဆိုပါသည်။ “စာဖတ်သူများသည် စာကိုဖတ်တိုင်း စာ၏အနက်သည် ကုသိုလ်ဖြစ်သည်၊ သို့မဟုတ် အကုသိုလ်ဖြစ်သည် ဟူ၍ ခွဲခြားသိဖို့လိုပါ၏။ ထိုသို့ သိပါမှလည်း အဖြစ်ကို အဖြစ်အတိုင်း၊ အရှိကို အရှိအတိုင်း သိသည်မည်၏။ ထိုသို့သိခြင်းကို ယထာဘူတဉာဏ်ဟူ၍ဆို၏” ဟုလည်း ဆိုပါ၏။
စာဖတ်ရှုသူများ မှန်ကန်စွာဖတ်ရှုမှ စာပေအကျိုးကျေးဇူးရနိုင်သကဲ့သို့ စာပေများသည်လည်း စာကောင်း ပေမွန်များဖြစ်မှ စာပေဖြင့် အကျိုးပြုနိုင်ပါသည်။ စာပေ၏ အနှစ်သာရ၊ ရည်ရွယ်ချက်၊ ကျိုးကြောင်း ညီညွတ်မှု စသည့်စာကောင်း ပေမွန်တစ်ရပ်တွင် ရှိသင့်သည့်အင်္ဂါရပ်များနှင့် ပြည့်စုံသည့်စာပေများသည်သာ စာပေ၏ ကောင်းကျိုးများကို ပေးနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ အဆိပ် အတောက်ရှိသော စာပေများများပြားလာပါက စာပေအဆင့်အတန်းကို နိမ့်ကျ စေသည့်အပြင် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေမည်ဖြစ်ပါသည်။
မြန်မာစာပေ
မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀ ခန့်ကစ၍ စာအရေးအသားတို့ ပေါ်ပေါက်လာပြီး စာရေးတတ် ခြင်းမှာ မကြာသေးကြောင်းဆိုပါသည်။ မြန်မာစာပေအရေးအသားများကို ပုဂံခေတ် ကျောက်စာများတွင် စတင်တွေ့ရှိရပါသည်။ အခုဆိုလျှင် နှစ်ပေါင်းတစ်ထောင်နီးပါးရှိပြီဖြစ်သည်။ ပုဂံခေတ်စာပေများမှ စာပေအသုံးအနှုန်းတွေးယူ ဖန်တီးပုံမှာ အလွန်အဆင့်မြင့်မားကြောင်း ဆိုပါသည်။ ပုဂံခေတ် စာပေများတွင် တွေ့ရှိရသည့် “အတိုင်းမသိ”၊ “ရေကြည်ရာ မြက်နုရာ” စသည့် စကား အသုံးအနှုန်းတို့သည် ယနေ့ထက်တိုင် သုံးစွဲနေကြဆဲဖြစ်သည်ကို ကြည့်ခြင်း အားဖြင့် ပုဂံခေတ်စာပေ၏ အဆင့်အတန်းကို ခန့်မှန်းနိုင်ပါသည်။
ပုဂံခေတ်တွင် လေးလုံးတစ်ပိုဒ် ရေးသည့် ပုံစံမျိုးအား ကျောက်စာအချို့တွင် တွေ့ရသော်လည်း ကဗျာလင်္ကာများ သည် အင်းဝခေတ်တွင်များစွာထွန်းကား ခဲ့ကြောင်း ဆိုပါသည်။ ထိုသို့ ခေတ်အဆက်ဆက် တိုးတက်လာသော မြန်မာစာပေ၏ အဆင့်အတန်းသည် အခြားသော စာပေများနှင့် နှိုင်းယှဉ်ကြည့်လျှင် ယနေ့ထက်တိုင် အဆင့်အတန်းမြင့်မားသည်ကို တွေ့ရပါသည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလကတို့ဗမာအစည်းအရုံး၏ ကြွေးကြော်သံကိုကြည့်လျှင် ယခင်က စာပေအပေါ် ထားရှိသည့် သဘောထားကို တွေ့ရမည်ဖြစ်ပါသည်။ ဗမာပြည်သည်တို့ပြည်၊ ဗမာစာသည်တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါ ဆိုသည့် ကြွေးကြော်သံသည် ထူးခြားလေးနက်လှပါ၏။ နယ်ချဲ့ဆန့်ကျင်ရာတွင်ပင် မြန်မာ စာပေနှင့် မြန်မာစကားကို အခြေခံခဲ့ကြသည်ကို တွေ့ရပါသည်။ မြန်မာစာပေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မိမိတို့ နိုင်ငံကို ထိန်းသိမ်းစောင့်ရှောက်ခြင်းပင် ဖြစ်ပါ၏။ မိမိတို့ဘိုးဘွားများသည် ပုဂံခေတ်မှစ၍ ယနေ့ထက်ထိတိုင် မြန်မာစာပေကို မြှင့်တင်ပေးခဲ့ကြ၍လည်း မြန်မာစာပေသည် ယနေ့ထက်တိုင် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ဆဲ ဖြစ်ပါသည်။
နည်းပညာခေတ်
ယနေ့ကာလသည် နယ်ပယ်ကဏ္ဍ အသီးသီး၌ နည်းပညာများ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည်။ ခေတ်နှင့် အညီ မရှိမဖြစ်လိုအပ်သည့် နည်းပညာများသည် လျင်မြန်သည့် တိုးတက်မှုများနှင့်အတူ အပြောင်းအလဲများ ဖြစ်ပေါ်စေလျက်ရှိပါသည်။ ဒစ်ဂျစ်တယ်ခေတ်တွင် စာပေကဏ္ဍ၌လည်း စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ဒွန်တွဲဖြစ်ပေါ်လျက်ရှိပါသည်။ စာပေများကို ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်တွင် လူတိုင်းလွယ်ကူစွာ ဖန်တီးနိုင်ကြသည်။ စာပေဖတ်ရှုသူများသည်လည်း စာပေများကို လူမှုမီဒီယာကဲ့သို့သော ဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ်တွင် လွယ်လင့်တကူ ဖတ်ရှုလာနိုင်ကြသည်။ ဒစ်ဂျစ်တယ် ပလက်ဖောင်းများပေါ်တွင် စာပေ ဖန်တီးမှု၊ စီးဆင်းမှု၊ တုံ့ပြန်မှုများ မြန်ဆန်လာကြသည်။ လွတ်လပ်စွာ စာပေဖန်တီးမှုများသည် ခေတ်ရေစီး ကြောင်းနှင့်အတူ တိုးတက်သည်များလည်း ရှိသကဲ့သို့ ကျဆင်းမှုများ ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရသည်။
နည်းပညာတိုးတက်မှုပြောင်းလဲမှု၏ လွှမ်းမိုးမှုများသည် မြန်မာစာပေမှ မဟုတ် အခြားသော စာပေများတွင် လည်း ကြုံတွေ့နေကြပါသည်။ ယခင်ကလည်း ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲခြင်းများကို တွေ့ကြုံဖြတ်သန်း ခဲ့ကြရပြီးဖြစ်သည်။ ယင်းတို့မှာ ရှောင်လွှဲ၍မရသော အခြေအနေဖြစ်၍ လိုက်လျောညီထွေ လက်ခံကြရပါမည်။
သို့သော် ခေတ်နှင့်အညီပြောင်းလဲမှု တိုင်းကို မျက်စိစုံမှိတ် လက်ခံရမည်ဟု မဆိုနိုင်ပါ။ အကောင်းအဆိုး ဒွန်တွဲတတ်သည့်သဘောကို သတိပြုကြရပါမည်။ အချို့သည် တိုးတက်မှုအသွင်ဖြင့် ပြောင်းလဲကြပါသည်။ အချို့သည် ကျဆင်းလာမှုအသွင်ဖြင့် တွေ့ရပါသည်။ တစ်ခါတစ်ရံ တိုးတက်မှုနှင့် ကျဆင်းမှုမှာ အချိုးမညီစွာ ပြောင်းလဲလျက်ရှိပါသည်။ လူထုအတွင်း အသုံးပြုမှုများလာသော လူမှုကွန်ရက်တို့သည် မြန်မာစာပေ ဖန်တီးမှု၊ လမ်းကြောင်း၊ အနှစ်သာရ၊ ကျင့်ဝတ်နှင့် စာပေဖတ်ရှုမှုစသည့် စာပေယဉ်ကျေးမှုပုံစံတို့ကို ပြောင်းလဲ စေလျက်ရှိပါသည်။ ယင်းပြောင်းလဲမှု ဂယက်တို့သည် မိမိတို့စာပေယဉ်ကျေးမှုအပေါ် ကြီးစွာလွှမ်းမိုးနေပါသည်။
စာပေယဉ်ကျေးမှုလက်ဆင့်ကမ်း
လူ့အဖွဲ့အစည်းတစ်ခု၏ စာပေ ယဉ်ကျေးမှုဆိုသည်က ခေတ်အဆက်ဆက် ပြောင်းလဲနေမည်သာ ဖြစ်ပါသည်။ ပြောင်းလဲနေသည့် စာပေများသည် ထိုခေတ်၏ ပုံရိပ်များကို ညွှန်ပြနေကြပါ၏။ ခေတ်တစ်ခေတ်၏ စာပေများကို လေ့လာပါက ထိုခေတ်ရှိ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် အတွေးအခေါ်များကို တွေ့မြင်နိုင်ပါသည်။ လူ့အဖွဲ့အစည်း တစ်ရပ်၏ စာပေအဆင့်အတန်း မြင့်မားခြင်း၊ ကျဆင်းခြင်းသည် ထိုလူ့အဖွဲ့ အစည်း၏ အဆင့်အတန်း မြင့်မားမှု၊ ကျဆင်းမှုတို့နှင့် ဆက်နွှယ်နေပါသည်။ သို့ဖြစ်၍ နယ်ချဲ့တို့လက်အောက် ကျရောက်စဉ်ကပင် မြန်မာစာပေအဆင့်အတန်း မနိမ့်ကျ၊ မပျောက်ကွယ်စေရန် ထိန်းသိမ်းခဲ့ကြသဖြင့် မြန်မာစာပေ ယဉ်ကျေးမှုတို့သည် ယနေ့ထက်တိုင် ခိုင်မာစွာ တည်ရှိနေခြင်းဖြစ်ပါသည်။
ယင်းတည်ရှိမှုကို ဆက်လက်ထိန်းသိမ်း ကာကွယ်ကြရပါဦးမည်။ ထိန်းသိမ်းမှုအားနည်းခြင်း၊ ခေတ်ရေစီကြောင်းများ တိုက်စားခြင်း၊ ပြင်ပယဉ်ကျေးမှုများ လွှမ်းမိုးခြင်း၊ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းမှု အားနည်းခြင်း၊ မြန်မာစာပေအပေါ် အလေးထားမှု ကျဆင်းခြင်းကဲ့သို့သော ဖြစ်စဉ်များသည် ရှေးအစဉ်အဆက် ထိန်းသိမ်းမြှင့်တင် လာခဲ့ကြသည့် မိမိတို့နိုင်ငံ၏ စာပေယဉ်ကျေးမှုတို့ကို တဖြည်းဖြည်း တိုက်စားနေပါသည်။ စာပေပျောက်က လူမျိုး ပျောက်မည်ကို သတိပြုဆင်ခြင်ကြ ရမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာ့စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်း ကာကွယ်ရေးအတွက် စာပေဝန်းကျင်များ ရှင်သန်ကြီးထွားရန် လိုအပ်ပါသည်။ မျိုးဆက်သစ်လူငယ်တို့ ကျောင်းနေစဉ် အရွယ်ကပင် စာပေမျိုးစေ့ ချပေးကြရပါမည်။ မျိုးဆက်အဆင့်ဆင့်က စာပေများကို မြတ်နိုးခြင်း၊ လေ့လာလိုက်စားခြင်း၊ ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။ စာပေ၏အရေးပါမှုကို လူငယ်များအကြား ပိုမိုသိရှိစေခြင်းဖြင့် မိမိတို့ စာပေယဉ်ကျေးမှုကို ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့်စကားကဲ့သို့ပင် မြန်မာ့လူ့အဖွဲ့ အစည်း၏ အဆင့်အတန်းအား မြှင့်တင် နိုင်ရန် မိမိတို့၏ စာပေယဉ်ကျေးမှုကို လက်ဆင့်ကမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါသည်။
ကိုးကား
၁။ ဒေါက်တာသန်းထွန်း၊ ရှေးဦး မြန်မာစာပေသမိုင်း၊ ပေဖူးလွှာ မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၈၂။
၂။ ဦးရွှေအောင်၊ စာဖတ်သူများ၊ ၁ စက်တင်ဘာလ ၂၀၀၂