ဗညားဒလ
“ယေဓမ္မာ= အကျိုးတရား ဟူသမျှသည်၊ ဟေတုပ္ပ ဘဝါ-အကြောင်းတရားက အစပြုသည်ဟု၊ တေသံ ဟေတုံတထာဂတာ= ဆရာက အကြောင်းရင်းသဘောကို ဟောကြား၏။ အကြောင်းကြောင့် အကျိုးဖြစ်သော တရားကိုပြပါ၏”
အရှင်အဿဇိထေမြတ်
( ပဉ္စဝဂ္ဂီငါးပါးအနက် တစ်ပါးအပါအဝင် အဦးဆုံး သံဃာတော် )
အမှန်တရားကိုမြတ်နိုးခြင်း
မှန်ကန်မှုအကြောင်းကိုရေးမည်ဟု စိတ်ကူးပေါ်သည်။ မှန်ကန်ခြင်းဟုရေးမှသင့်မည်ဟု တွေးမိပါသည်။ မှန်ကန်မှုဟူသော ဝေါဟာရသည် စာဖတ်သူ၏ နားထဲသို့ ပြေပြေပြစ်ပြစ် ဝင်ချင်မှဝင်မည်။ မှန်ကန်ခြင်းက ပျော့အိနေပြီး မှန်ကန်မှု ဟူသောစကားလုံးက မာထန်နေသည်ဟု မိမိစိတ်ထဲက ယူဆနေမိသည်။ စာကတစ်လုံးမှ မရေးရသေးခင်မှာပင် အစုခေါင်းစဉ်လေးတစ်ခု အရင်စဉ်းစားရင်း အချက်အလက်များ ပျောက်ပျက်မသွားအောင် ဦးစွာပထမ ချရေးထားလေမှဟု တွေးမိလာသည်။
မှန်ကန်ခြင်း၏ ဆန့်ကျင်ဘက်အရာမှာ အမှားဖြစ်ပေမည်။ အလွဲအမှား၊ အမှားအယွင်း၊ လိမ်ညာခြင်း၊ လှည့်ဖြားခြင်း၊ လှည့်စားမှု၊ မုသားစကား၊ မဟုတ်မမှန်။ အမှန်တရားကိုကား သစ္စာဟု ဆိုကြသည်။ သစ္စာတွင် ပရမတ္ထသစ္စာနှင့် သမုတိသစ္စာဟု နှစ်ပိုင်းရှိကြောင်းကို စာဖတ်သူလည်း သိပြီးဖြစ်ပေမည်။
သူတစ်ပါးကို လိမ်ညာမုသားဆို၍ ရယ်စရာအဖြစ်သဘောအနေနှင့်ပင် မပြောလေနှင့်ဟု မြတ်စွာဘုရားက တိကျပြတ်သားစွာ တားမြစ်တော် မူခဲ့သည်။ ဘုရားဆုကို ပန်ဆင်ပြီးသည့်နောက်တွင် ဘဝပေါင်းများစွာဖြစ်လေရာ၌ မုသာဝါဒ မမှန်မကန် ပြောဆိုခြင်းမျိုးကို အလေးထား၍ ဘုရားလောင်းက သတိထားရှောင်ရှားခဲ့သည်ဟု မိမိတို့ အလယ်တန်းပြဆရာ မြန်မာစာပြဆရာက သင်ကြားခဲ့၏။ အမှန်တရားက တန်ဖိုးမြင့်မားသည်။ အမှန်တရားကိုသာ ဂေါတမမြတ်စွာဘုရားက တန်ဖိုးထားသည်။ ဒေသနာတော်များစွာတို့မှာ မုသာဝါဒကို ရှောင်ရှား၍ သစ္စာတရားကိုသာ လိုက်နာကျင့်သုံးရန် အားပေးတော်မူခဲ့သည်။ ဤအချက်သည် ဘုရားရှင်က တီထွင်ဖန်တီးသော အသစ်အဆန်းကားမဟုတ်၊ ရှေးရှေးသော ပညာအမြော်အမြင်ရှိသူများကလည်း သိရှိနားလည်ပြီး လူသားမျိုးနွယ်ဆက်အဆင့်ဆင့်သို့ လက်ဆင့်ကမ်း သင်ကြားခဲ့သော အမူအကျင့်၊ လူကျင့်ဝတ်၊ စည်းကမ်းပင် ဖြစ်ခဲ့လေသည်။ အောင်ခြင်းရှစ်ပါး အပါအဝင် အာဠာဝက နတ်ဘီလူးကြီးကို ချွတ်ခန်းတွင် ဘွဲ့ဖြူလက်နက် အစွမ်းထက် ဆုံးအရာအပါအဝင် မီးကျီးမိုး၊ ပြာပူမိုး၊ ရွှံ့ညွန်မိုး၊ လက်နက်မိုး စသည့်ဆယ်မျိုးသော လက်နက်များနှင့် မြတ်စွာဘုရားကို တစ်ညလုံးလုံး အဆက်မပြတ် မရပ်မနားတိုက်ခိုက်ချေမှုန်း ဒေါသဟုန်းဟုန်းဖြင့် ရန်မူပါသော်လည်း လုံးဝရန်တုံ့မမူဘဲ မေတ္တာဓာတ် ပို့လွှတ်တော်မူသော ဗုဒ္ဓကို ခက်ခဲသောမေးခွန်းပုစ္ဆာများ မေးမြန်းခြင်းအားဖြင့် စဉ်းစားရကျပ်ကာ ရူးသွပ် မူးနောက်၊ ဒုက္ခရောက်အောင် နှိပ်စက်မည်ဟု မေးခွန်း (၈) ခုကို မေးမြန်းခဲ့၏။ မြတ်စွာဘုရားက အလွယ်တကူပင် ရှင်းလင်းထင်ရှားစွာ အာဠာဝကဘီလူး ကျေနပ်လက်ခံအောင် ဖြေပေးနိုင်ခဲ့ရုံမျှမက နောက်ထပ်ခက်ခဲသော သူသိချင်နေသည့် ပုစ္ဆာ ( ၅ ) ပုဒ်ကို ဖြည့်စွက်၍ ဖြေကြားပေးရန် တောင်းပန်ပြန်လေသည်။
နောက်ထပ် မေးခွန်းပြဿနာ (၅) ခုကိုလည်း မြတ်စွာဘုရားက ဘီလူးကြီး နှစ်သက်အားရ ဘဝင်ကျအောင် ဖြေပြနိုင်ခဲ့လေသည်။ အာဠာဝကသုတ္တံက ပညာရှိများ ဆက်လက်လေ့လာသင့်အောင် စိတ်ဝင်စားစရာကောင်းသော ရတနာဘဏ္ဍာတိုက်ပမာ ဖြစ်ပါသည်။ ဤနေရာတွင် စပ်ဆိုင်သမျှကိုသာ ကောက်နုတ်ဖော်ပြလိုပေသည်။ မေးခွန်း (၁၃) ပုဒ် အနက် ဤမေးခွန်းလည်း တစ်ချက်အပါအဝင် ဖြစ်ခဲ့သည်။ “လောက၌ အရသာတကာတို့တွင် အဘယ်အရာသည် သာလွန်ကဲပို အချိုမြိန်ဆုံး အရာပေနည်း” ချက်ချင်းပင် မြတ်စွာဘုရားက တစ်ခွန်းတည်း အဖြေပေးသည်။
“သစ္စာ”
သစ္စာဟူသော မှန်ကန်ခြင်း။ အကြောင်းရင်းကိုလည်း အကျယ်မရှင်းပါ။ အကျိုးတရားကိုလည်း ဋီကာမချဲ့ပါ။ အာဠာဝကဘီလူးသည် ဉာဏ်ရည် မြင့်မားထက်မြက်သော နတ်ဘီလူးကြီးဖြစ်သည်။ တန်ခိုးအာဏာကြီးမားသဖြင့် မာန်မာန၊ ဒေါသ ထောင်လွှားခက်ထန်သူဖြစ်သော်လည်း ချက်ဆိုနားခွက်က မီးတောက်သည်။ တစ်ခွန်းတည်းသော စကားကို ဖြေရုံမျှဖြင့် အကျယ်ကို ဆင်ခြင်မြော်မြင် နိုင်သူဖြစ်သည်။ အမှန်တရား၏ အရသာတကာတို့တွင် အချိုမြိန်ဆုံးသောအရာဟု မြတ်စွာဘုရား အဖြေပေးခြင်း၏ နက်နဲကျယ်ဝန်းပုံ၊ မှန်ကန်တိကျပုံ၊ အပိုအလိုမရှိ၊ ထင်ရှားပေါ်လွင်စေနိုင်ပုံကို သဘောပေါက်လေသည်။
ဤမျှ နက်နဲခက်ခဲသောအဖြေကို တစ်မုဟုတ်ချင်း အလွယ်တကူ ချက်ချင်းဖြေပေးနိုင်စွမ်းသည်ကား ဗုဒ္ဓမြတ်စွာဘုရား၏ ဘုန်းတော်၊ ဉာဏ်တော်၊ ကံတော်အဟုန်ကိုပါ သိမြင်တိုင်းဆ နားလည်ကြည်ညိုသွားရသည်။ သောတာပန်အဆင့်သို့ ရောက်ရှိသွားတော့သည်။ လူသားစားရမှာလည်း ရွံရှာသွားပြီ။ အစွယ်များလည်း ကြွေကြကုန်လေသည်။ ထို့ကြောင့် မြတ်စွာဘုရားကို မူးဝေ၊ ထုံထိုင်း၊ ရူးအောင်သွပ်အောင် ကယောင်ကတမ်းဖြစ်စေအောင် ခက်ခဲသော ပုစ္ဆာမေးခွန်းများဖြင့် တိုက်ခိုက်မည်ဟူသော မူလရည်ရွယ်ချက်သည်လည်း ဗုန်းဗုန်းလဲကျ ရှုံးနိမ့်ပျက်ပြားသွားခဲ့ရလေပြီ။
“အမှန်တရား”
အမှန်တရားသည်သာ လောကတစ်ဝန်းတွင် အရသာတကာတို့ထက် ပိုမိုချိုမြိန်သော အချိုမြိန် ဆုံးအရာပေတကား။ အမှန်တရားလောက် အရသာထူးကဲသော၊ မွန်မြတ်သော၊ အခြားနှိုင်းယှဉ်စရာ ဘာမှမရှိတော့ပါ။ သိရပါပြီ။ အမှန်တရားသည် လောကမှာ အရသာအရှိဆုံးအရာ။
မှန်ကန်ခြင်းက လောကလူသားများကို အသိ၊ ဉာဏ်ပညာ အလင်းရောင်ထွန်းပြောင်စေပါသည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ အမိုက်အမှောင်မှ အလင်းရောင်ဆီသို့ အမှန်တရားက ပို့ဆောင်ပေးနိုင်လေသည်။ အမှန်နှင့် အမှားသည် သီးခြားတစ်ဖက်စီ တည်နေသည်။ အမှန်သည် အမှားမဟုတ်။ အမှားသည် အမှန်မဟုတ်။ အမှန်နှင့်အမှားကို ကွဲပြားစွာခွဲခြားသိသောအရာ ဉာဏ်ပညာက အရေးကြီးလှပါပေသည်။ အမှန်နှင့် အမှားကို ခွဲခြားတတ်ရန်လိုသည်။
သစ္စာတရားကို မြတ်နိုးစွာ ပွေ့ဖက်ရမှာဖြစ်ပါသည်။ သစ္စာတရားက ကျွန်ုပ်တို့ ရွေးချယ်ကျင့်သုံး ရမည့်အရာဖြစ်ပါ၏။ အမှန်တရားကိုသာ မြတ်နိုးတတ်ပါစေ။ အမှန်သည် မှားသလိုဖြစ်၍ အခါးကို ချိုသည်ဟု ထင်မှတ်နေသူများလည်း ဤလောကတွင် အလွန်ပင် ပေါများလှသေးသည်။ လူတချို့သည် လိမ်ညာလှည့်စားသူများ၏ ပြောစကား၊ ရေးသားချက်၊ ကွယ်ဝှက်ပြသချက်များကြောင့် အမှောင်ထုအတိ၊ အမြင်မှန်မရှိ၊ အမှန်မသိဘဲ ဝဲလှည့်နေကြသည်။
သစ္စာဟူသော အမှန်တရား၏ စွမ်းအားကြီးမား ပုံကို မြတ်စွာဘုရား ဟောကြားတော်မူသော တရား တော်၊ ဇာတ်ဝတ္ထုနိပါတ်တော် ငါးရာကျော်တွင် ပါရှိပါ၏။ ထင်ရှားသော သာဓက အထောက်အထား များ တွေ့ရှိနိုင်ပါ၏။
အင်းဝခေတ် စာဆိုအကျော် ဆရာတော် အရှင်မဟာသီလဝံသ (၁၄၅၃-၁၅၂၀) က ဤကဲ့သို့ ပင်ရေးဖွဲ့တော်မူဖူးသည် မဟုတ်လော။
“ကတိသစ္စာ၊ တည်သောခါဝယ်
ရသာလေးနက်၊ ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏”
( ဆရာတော် အရှင်မဟာသီလဝံသသည် ထင်ရှားကျော်ကြားသော အင်းဝခေတ် စာဆို အကျော်ဖြစ်သကဲ့သို့ ပြုစုရေးသားတော်မူသော ကျမ်းစာများကို ဝေဖန်သုံးသပ်သူ ပညာရှိများက ရဟန္တာတစ်ပါးဖြစ်ကြောင်း သက်သေအထောက် အထားများပင်ရှိသည်ဟု ဆိုသူက ဆိုကြပါသည်။ )
မှန်ကန်ခြင်းအရာသည် လူ၏ ကာယကံ၊ ဝစီကံနှင့် မနောကံဟူသော ကံသုံးပါးနှင့် အားလုံး သက်ဆိုင်ပါ၏။ အတွေး၊ စဉ်းစားပုံ၊ ရှုမြင်ပုံမှာလည်း မှန်ကန်ရသည်။ အပြော၊ စကားပြောဆိုရာမှာလည်း မှန်ကန်ရသည်။ အလုပ်၊ ကာယကံ ပြုမူလုပ်ဆောင်ရာတွင်လည်း မှန်ကန်ရမှာ ဖြစ်ပါသည်။
စကားအရာ ပြောဆိုရာတွင် စံထားရသော အခြေခံသဘောတရားများ ရှိထားပါသည်။
၁။ မှန်ကန်ရမည်။
၂။ အကျိုးရှိရမည်။
၃။ သူနှစ်လိုရမည်။
၄။ တရားနှင့်စပ်သည့် အကြောင်းရပ်ဖြစ် ရမည်။
၅။ ချစ်ဖွယ်သောစကားဖြစ်ရမည်။
၆။ သန့်ရှင်းသေချာ၊ တိကျပြတ်သားစွာ ပြောရမည်။
၇။ မတို မရှည်၊ မပို မလို ပြောရမည်။
၈။ ပြုံးရွှင်မှု ရှေးရှုထား၍ ပြောရမည်။
၉။ ယဉ်ကျေးသော ဓလေ့ထုံးနှင့်
ပြောရမည်။
၁၀။ အခြေအနေ၊ အချိန်အခါ၊ ပုဂ္ဂိုလ်နှင့် ဆီလျော်ရမည်။
မှန်ကန်ခြင်းသဘောမှာ အကြောင်းလည်း မှန်ရမည်။ အကျိုးလည်း မှန်စေရမည်။ ဤနေရာတွင် စကားအလျဉ်းသင့်သဖြင့် သိပ္ပံပညာထွန်းကားခဲ့ ပြီးသောအချိန်တွင် လူသားများ အသိအမြင်၊ အလင်းပွင့်လင်းလာသောအခါ သိပ္ပံနည်းကျ၊ စနစ်တကျ အဖြေရှာတတ်ခြင်းမှာ ဖွံ့ဖြိုးလာခဲ့ပါသည်။ ဥပမာ- အယ်လ်ဂိုရစ်သမ်(Algorithm) ပြဿနာကို ဖြေရှင်းနည်း။ အဖြေဖော်ထုတ်ရာတွင် လိုက်နာရသည့် စည်းကမ်း၊ လုပ်နည်းစနစ်ရှိရခြင်း၊ သိရခြင်း ပညာရပ်ဖြစ်ပါသည်။
အသိဉာဏ်ခေါင်းပါးသူတချို့၊ ပညာမဲ့သူတချို့ အယ်လ်ဂိုရစ်သမ် သဘောကိုပင် လုံးဝနားမလည်ဘဲ ဒီမိုကရေစီစနစ်ထွန်းကားဖွံ့ဖြိုးရေး ( Demo-cratization Process ) လုပ်ငန်းစဉ်တစ်ရပ်ကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်နေခြင်းကို ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်သဖွယ်ဖြစ်သော လက်နက်ကိုင် ဆန့်ကျင်ပုန်ကန်ခြင်းနည်းဖြင့် ထိပ်တိုက်စစ်ရေးနည်းအရ ဖြေရှင်းခြင်းမျိုး ဖြစ်ပေသည်။ အသက်ချင်းလု၍ လက်နက်ကိုင် စစ်ခင်းရခြင်း၊ ရန်ပြုရခြင်း၏ မူလရည်ရွယ်ချက်က စနစ်အတွက်မဟုတ်ဘဲ လူပုဂ္ဂိုလ်စွဲ ကြိုက်နှစ်သက် ခြင်းအပေါ်မှာပဲ အခြေခံခဲ့ပါသည်။ အကြောင်းလည်း မသိ၊ အကြောင်းကလည်း မမှန်။ အသိဉာဏ်နည်းသော် ပုဂ္ဂိုလ်ဟူသည်က မမြဲ။ ဓမ္မဆိုသည်က မလွဲ။ ဒါကိုတော့ လက်ခံရမည်။
ဤကဲ့သို့ အယ်လ်ဂိုရစ်သမ် ခေါ် ပြဿနာ ဖြေရှင်းနည်းနှင့် ကြည့်လျှင်ပင် ပုစ္ဆာကလည်းမှား၊ အဖြေကလည်းလွဲမှား၊ ဘဝများ၊ အသက်များနှင့်ရင်း၍ သိသိသာသာ ထင်ထင်ရှားရှား မှားယွင်းနေ ခြင်းမျိုးသည်လည်း မြေပြင်တွင် ရှိနေတတ်သည်။ ဪ... မှားလေစွတကား။ မြတ်စွာဘုရားအဖြစ်ကို ရောက်တော်မူပြီး ပဉ္စဝဂ္ဂီငါးဦးကို တရားဦး ဓမ္မစကြာသုတ်ကို ဟောတော်မူရာတွင် အခြေခံအကျဆုံး အချက်မှာ သစ္စာလေးပါး ဖြစ်ပါ၏။ ဗုဒ္ဓဘာသာဝင် များအားလုံး သိပြီးအကြောင်းနှင့် အကျိုး၏ ဆက်နွှယ်ပုံ သဘောတရားဖြင့် ထင်ရှားပါ၏။
၁။ အရှိတရားအကျိုးက ဒုက္ခသစ္စာ
၂။ အကြောင်းတရားက သမုဒယသစ္စာ
၃။ အရှိတရားအကျိုးက နိရောဓသစ္စာ
၄။ ( အထက်ပါ အကျိုးနှင့်အကြောင်းကို သိမြင်သဘောပေါက်ပါက ဆက်လက် နားလည်ကျင့်သုံးရမည့် လမ်းကြောင်း အမှန် ( ၈ ) ချက်က )
ကျင့်သုံးရမည့်အကြောင်း မဂ္ဂသစ္စာ
မြတ်စွာဘုရားက တရားတော် ( ပရိယတ္တိ သာသနာ ) လမ်းညွှန်ပြ၏။ ကျွန်ုပ်တို့က လိုက်နာကျင့်သုံး ( ပဋိပတ္တိသာသနာ ) နေ့စဉ်ဘဝတွင် မှန်သော အမြင်၊ မှန်သောအယူ၊ မှန်သောအပြော၊ မှန်သောအလုပ်၊ မှန်သော အသက်မွေးဝမ်းကျောင်းခြင်း၊ သမ္မာအာဇီဝ စသည်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အသိ ပထမရအောင် လေ့လာနာယူဆည်းပူး ကြရပါသည်။ အသိသည် အသိသာဖြစ်၍ အကျင့် မဟုတ်သေးပေ။ အမှန်တကယ် လိုက်နာကျင့်သုံးပြုမူ ကြသောအခါမှသာ ပန်းတိုင်ရည်ရွယ်ရာ ( ပဋိဝေဓ သာသနာ ) သို့ မုချဆိုက်ရောက်ပါလေသည်။
အသိမရှိ၊ အသိမမှန်လျှင် ဆင်းရဲနွံထဲနစ်ဦးမည်။
အရှေ့တောင်အာရှ ၁ဝ နိုင်ငံတွင် တစ်ဦးချင်း၏ ဝင်ငွေအနေပဲ ကြည့်ကြည့်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်နိုင်မှု ဝင်ငွေ၊ ရငွေကိုပင် ကြည့်ကြည့် ကျွန်ုပ်တို့မြန်မာနိုင်ငံသည် အမှတ်စဉ် ( ၁၀ ) အနိမ့် ဆုံးသော အောက်ဆုံးနေရာသို့ ရောက်ရှိနေလေပြီ။ လောကဓံသဘောအရ အမှန်တရားကို ရင်ဆိုင်ကြရမည်။ အကျဘဝရောက်ခဲ့ရာမှ အတက်ဘဝ ရောက်နိုင်ရလေအောင် နိုင်ငံနှင့်လူမျိုး၏ တိုးတက်စေမည့် အကြောင်းရင်းခံအမှန်တရားကို သိမြင်နားလည်ကြရပါမည်။
ပစ္စည်းဥစ္စာဆင်းရဲခြင်းက ကြိုးစားရှာဖွေရ၏။
အသိဉာဏ်ပညာမွဲခဲ့ခြင်းက ပိုမိုကြိုးစားရမည် ဖြစ်ပါပေသည်။
အသိပညာလွယ်လွယ်ကူကူ၊ ဈေးချိုချို ( အခမဲ့ ) နီးနီးနားနား ဘယ်လိုရနိုင်ပါအံ့နည်း။ စာဖတ်ခြင်းမှ အသိပညာ၊ ဗဟုသုတများ ကောင်းစွာရရှိနိုင်ပါ သည်။ စာအုပ်စာပေထဲမှာ ရှေးကပညာရှိသူတော် ကောင်းများ၊ ပညာရှင်များ ပြညွှန်ရေးသားထားပါ၏။ မကြည့်လို့ မသိကြ။ စာကြည့်တိုက်မှာ အချိန်ပေး၍ စာပေလေ့လာဖတ်ရှုကြပါက မိမိတို့ပြန်လည် နိုးကြား တိုးတက်လာရပေမည်။
နိဂုံးချုပ်ပါမည်။
“သမဂ္ဂါနံ တပေါသုခေါ”
ညီညွတ်စည်းလုံးခြင်းအကျင့်က ချမ်းသာခြင်းကို ဆောင်၏။
“Unity is Strength”
စည်းလုံးညီညွတ်ခြင်းကား အင်အားတည်း။
“သဒိသံပါကံဇနေတိ”
အတိတ်ကံဖြစ်စေ၊ ပစ္စုပ္ပန်ကံဖြစ်စေ မိမိပြုသော အကောင်း၊ အဆိုး ပြုလုပ်မှု ( ကံအတိုင်း ကောင်းကျိုး ဆိုးကျိုးကိုသာ ရမြဲဓမ္မတာဖြစ်ပါပေ၏။ )
“The first duty of a Revolutionary is to be Educated”
Ernesto Che Guevara
“တော်လှန်ရေးသမားတစ်ယောက်၏ ပထမဦးဆုံးသော တာဝန်သည် ပညာတတ်ဖြစ်အောင် လုပ်ရမည်ဖြစ်ပါသည်။”
ကမ္ဘာကျော် အာနက်စတို ချေဂွေဗာရာ
( ၁၉၂၈-၁၉၆၇ ) ( ကျူးဘားနှင့်လက်တင် အမေရိကတော်လှန်ရေးခေါင်းဆောင် )
အစရှိသော အမှန်တရားများ၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အကျိုးအပြစ်၊ ဆောင်ရန်ရှောင်ရန်များကို လူငယ်တချို့အပါအဝင် ပြည်သူအများသည် စာအုပ်စာပေထံမှ အလင်းရောင်စွမ်းအင်ဖြင့် သိမြင်ကြပါလိမ့်မည်။ ။