မောင်ငြိမ်းသူ (ကြို့ပင်ကောက်)
“မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်၊ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့စဉ်ကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်”
(ရှင်မဟာရဋ္ဌသာရ)
“အလိမ္မာစာမှာရှိ”၊”စာအုပ်စာပေ လူ့မိတ်ဆွေ”၊”စာဖတ်မှကြီးပွား”၊”စာပေမြင့်မှလူမျိုးတင့်မည်”၊”စာပေသည် ခေတ်၏ကြေးမုံ” ၊”အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်၊ စာပေဂုဏ်ကိုမြှင့်” ဟူသော ဆောင်ပုဒ်များ ထုတ်ပြန်လှုံ့ဆော်ကာ မှတ်ဖွယ်မှတ်ရာ စာပေအဖြာဖြာကို ဖတ်ရှုစေခဲ့ကြပါသည်။
ထိုသို့ စာပေရေးရာအဖြာဖြာကို ဖတ်ရှု လေ့လာမှတ်သားနာယူကြစေရေးအတွက် ခေတ် အဆက်ဆက်တွင် စာကြည့်တိုက်မျိုးစုံကို ဖွင့်လှစ် ပေးခဲ့ကြပါသည်။
“အမှားအမှန်၊ ဝေဖန်ပိုင်းခြား၊
သုတပွားကာ၊ သစ္စာအမြင်၊
ကြင်လင်စေရန်၊ စာပေအမြိုက်၊
ပညာသိုက်သို့၊ ညွှန်ပြဆိုက်ဆိုက်၊
စာကြည့်တိုက်။ ။”
“လူထုတက္ကသိုလ်၊ ဘဝတက္ကသိုလ်၊ ပညာ ဘဏ်တိုက် စာကြည့်တိုက်” ဟု တင်စားညွှန်းဆိုထားသော စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းသည် (၁) လူကြီးလူငယ်များ အလွယ်တကူ စာပေဖတ်ရှု လေ့လာနိုင်ခြင်း၊ (၂) စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာခြင်း၊ (၃) အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ (၄) အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေခြင်း၊ (၅) ယဉ်ကျေး သိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်စေခြင်း၊ (၆) နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်း၊ သမီးကောင်းများ ပေါ်ထွန်းလာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိကြစေပါသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၃၃၀ နှင့် မြို့ပေါင်း ၄၁၇ မြို့အပါအဝင် စုစုပေါင်း ၈၀၁ မြို့၊ ရပ်ကွက်ပေါင်း ၃၄၈၅ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း၂၃၉၁ဝ၊ ကျေးရွာပေါင်း ၆၃၂၀၀ ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခရိုင်နှင့် မြို့နယ် အဆင့်များတွင် ပြည်သူ့စာကြည့်တိုက် ၄၁၀ ကို ဖွင့်လှစ်ပေးထားပြီး မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းထောက်ပံ့မှုဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာလူထု အစီအစဉ်ဖြင့် ဖွင့်လှစ်ထားကြသည့် စာကြည့်တိုက်ပေါင်း ၃၅ဝဝ ဖွင့်လှစ် ထားကြောင်း သိရသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ စာကြည့်တိုက်ပေါင်းများစွာ တိုးချဲ့ဖွင့်လှစ်ပေးရန် အထူးပင်လိုအပ်နေပါသည်။
စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ပေးကြ စေရေးအတွက် လှုံ့ဆော်မှုအမျိုးမျိုးဖြင့် ကြိုးပမ်းနေကြသည်ကို ဝမ်းပန်းတသာ လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုနေကြမှုနှင့်အတူ စာမဖတ်သူ ပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာတတ် သူတိုင်း စာဖတ်ကြစေရေးအတွက်လည်း လှုံ့ဆော်စည်းရုံးကြစေချင်ပါသည်။ အကြောင်းမှာမူ လက်ရှိ အခြေအနေက စာဖတ်ရှိန်အလွန်ကျဆင်းနေသောကြောင့်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် စာပေဈေးကွက် ကျဆင်းလာသည့်အပြင် စာပေရေးသားနေကြရသော စာရေးဆရာများ၏ စာပေ စားကျက်များကလည်း အလွန်ပင်လျော့နည်း ပျက်ယွင်းလျက်ရှိပါသည်။ စာဖတ်ရှိန်၊ စာဖတ်အားကို လျော့နည်းသွားစေခဲ့သော အန္တရာယ်များထဲတွင် ဖုန်းများလည်း ပါဝင်ကြပါသည်။
ဖုန်းအဆိပ်မှိုင်းမိ
စာဖတ်ရှိန်မြှင့်တင်ရေးကို ဟန့်တားနေကြသည်မှာလည်း ဖုန်းများပင်ဖြစ်ကြပါသည်။ သုံးလေးနှစ် ကလေးအရွယ်က (အစ) ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များ (အလယ်)၊ သက်ကြီးရွယ်အို အဘိုးအဘွားများ(အဆုံး) ဖုန်းများနှင့် မျက်စိမခွာကြဘဲ လွန်လွန်ကဲကဲ၊ သဲသဲမဲမဲ အစွဲကြီး စွဲနေကြပါသည်။ မျက်စိဆရာဝန်များကမျက်စိကို အန္တရာယ်ပေးနိုင်ကြောင်း ရေးသားဟောပြောနေကြသော်လည်း နားမဝင်၊ မဆင်ခြင် ကြဘဲ ဖုန်းစွဲနေကြပါသည်။ ဖုန်းအဆိပ်မှိုင်းမိနေ ကြပြီဟု ပြောဆိုသတိပေးနေကြပါသည်။
သည်တော့ကား အဘယ်မှာလျှင် စာဖတ်ကြ ပါတော့မည်နည်း။
စာဖတ်အားနည်း၍ ဗဟုသုတနည်း၊ ဗဟုသုတနည်း၍ တိုးတက်မှုနည်းပါက ဘဝတွေလည်း တိုးတက်မှုမရှိကြဘဲ အရာရာတွင် အောက်ကျို့နေကြရမှာ သေချာလှပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်က ကမ္ဘာကြည့် ကြည့်မြင်ကာ” တိုးတက်သောလူမျိုးတို့သည် စာဖတ်ကြသည်၊ စာဖတ်သောလူမျိုးတို့သည် တိုးတက်ကြသည်” ဟု လမ်းညွှန်ခဲ့ပါသည်။
စာအုပ်စာပေများကို လက်လွှတ်၍မရသေး
ပုံနှိပ်မီဒီယာခေတ်မဟုတ်တော့ဘူး၊ အိုင်တီခေတ်ရောက်နေပြီဟု မည်သို့ပင်ပြောဆိုနေကြစေကာမူ လက်တွေ့တွင်ပုံနှိပ်မီဒီယာနှင့် မကင်းနိုင်ကြသေးပေ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပျံ့နှံ့နိုင်သည်က စာအုပ်စာပေများသာ ဖြစ်ကြပါသည်။ လျှပ်စစ်စွမ်းအား မပြည့်ဝသေးသမျှ၊ နည်းပညာမပြည့်စုံသေးသမျှ စာအုပ်စာပေများကို လက်လွှတ်၍မရသေးပေး။
အရေးကြီးသည်မှာ စာဖတ်ကြရေးပင်ဖြစ်သည်။ စာဖတ်ပျင်းနေကြလျှင် တစ်ဦးချင်းဘဝ တိုးတက်မှု မရှိနိုင်တော့သလို တစ်မိသားစုချင်းမှ တစ်နိုင်ငံလုံးအထိ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့သွားပေလိမ့်မည်။ နိုင်ငံနှင့် လူမျိုးကိုပါ ထိခိုက်သွားပေလိမ့်မည်။ လက်ရှိမျက်မှောက်ခေတ်ကာလမှာပင် နည်းပညာများနှင့်ပတ်သက်၍ အခြားနိုင်ငံများကို လိုက်မမီနိုင်သည်များ ရှိနေပါသည်။
လက်ရှိစာဖတ်ရှိန်ကျဆင်းနေချိန်တွင် “ဆရာမြသန်းတင့်” ဘာသာပြန်ထားသော “စာဖတ်ခြင်း နှင့် ကြီးမြတ်သောလူမျိုး” ဆောင်းပါးကို သတိရနေခဲ့ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်း ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး” လုံးချင်းစာအုပ်ကို ထုတ်ဝေခဲ့ပါသည်။ စာကြည့်တိုက်ဆိုင်ရာဆောင်းပါးများ စုစည်းတင်ဆက်မှုဟု ညွှန်းဆိုထားပါသည်။ ရောင်းချသော စာအုပ် မဟုတ်ဘဲ စာကြည့်တိုက်များသို့ ဖြန့်ဝေသော စာအုပ်ဖြစ်ပါသည်။
ထိုစာအုပ်၏ခေါင်းစီး “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး”မှာ ထိုစာအုပ်တွင်ပါဝင်သော ဆရာမြသန်းတင့်၏ ဆောင်းပါးခေါင်းစီးကို အနှစ်သက်ဆုံး အကြိုက်ဆုံးအဖြစ် ရှေ့တန်းတင်ထားခြင်း ဖြစ်ပါသည်။ ထိုဆောင်းပါးကို ပြန်လည်ဖတ်ရှုကြည့်တော့မှ ဂျွန်ရပ်စ်ကင်း (John Ruskin) ၏ ခေတ်ကာလရာစုနှင့် လှုံ့ဆော်ချက်အတိအကျကို သိလိုက်ရပါတော့သည်။ ဂျွန်ရပ်စ်ကင်း၏ စာပေစေတနာကို လေးစားချီးကျူးသင့်သည့်နှယ် ဓမ္မနှင့်အဓမ္မကို ခွဲခြားလှုံ့ဆော်ချက်ကား ကြက်သီးထဖွယ်ပင် ကောင်းလှပါသည်။
လက်ရှိအခြေအနေများနှင့် အံဝင်ခွင်ကျဖြစ်
အင်္ဂလိပ်စာပေ အနုပညာဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာဝေဖန်ရေးဆရာ၊ စာတမ်းရေးဆရာ၊ နိုင်ငံရေးတွေးခေါ်ရှင် ဂျွန်ရပ်စ်ကင်းဟု နာမည်ကျော်ကြားထင်ရှားခဲ့သူဟု မှတ်တမ်းတင်ထားကြသည်။ ဆရာမြသန်းတင့်က ဂျွန်ရပ်စ်ကင်း၏ ဟောပြောလှုံ့ဆော်ချက်များထဲမှ လိုရင်းအချုပ်ကို ကောက်နုတ်ရေးသား ဖော်ပြခဲ့ရာ ယနေ့လက်ရှိအခြေအနေများနှင့် အံဝင်ခွင်ကျ ဖြစ်နေပါသည်။
ဂျွန်ရပ်စ်ကင်းဟောပြောခဲ့သည့်အချိန်ကာလမှာ ၁၉ ရာစု၏ ဒုတိယပိုင်းကာလဖြစ်သည်။ ထို အချိန်က အင်္ဂလန်-နပိုလီယံစစ်ပွဲများ ပြီးဆုံးသွားသဖြင့် ကရိုင်းမီးယားစစ်ပွဲကို ဆင်နွှဲနေချိန်ဖြစ်သည်။ အာဖရိကမှာလည်း စစ်ပွဲများဆင်နွှဲနေချိန်ဖြစ်သည်။ အာရှတိုက်မှာ အာဖဂန်စစ်ပွဲတိုက်ခိုက်နေချိန်ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်- မြန်မာဒုတိယစစ်ပွဲပြီးဆုံးချိန်ဖြစ်သည်။ အရှေ့ဖျားမှာ အင်္ဂလိပ်တို့၏ စစ်ရေးနည်းဗျူဟာတစ်ရပ်ဖြစ်သော ဘိန်းစစ်ပွဲတိုက်နေချိန်ဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် ဗြိတိသျှအင်ပါယာကြီးကို မီးကုန်ယမ်းကုန်ဂုဏ်ယူဝင့်ကြွားစွာ ချဲ့ထွင်နေချိန်ဖြစ်သည်။
ထိုအချိန်မှာ ဂျွန်ရပ်စ်ကင်းက ကိုယ်ကျိုးကိုမငဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် ရဲဝံ့ပြတ်သားစွာ ဟောပြော လှုံ့ဆော်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါဟောပြောချက်များထဲမှ ဆရာမြသန်းတင့်က လိုရင်းအချုပ်ကို ကောက်နုတ်ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
“ကြီးမြတ်သောလူမျိုးတစ်မျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်ကမှန်သလဲ၊ ဘယ်ဘက်က မှားသလဲ ဆိုတာ မကြည့်ဘဲ ဒီစစ်ပွဲပြီးရင် ငါတို့ကုန်အရောင်းအဝယ်ဘယ်လိုနေမလဲ။ ငါတို့အမြတ်တွေ ဘယ်လောက်ရမလဲဆိုတာကိုပဲ တွေးပြီး စစ်မြေပြင်မှာ လူငယ်တွေနေ့စဉ်နှင့်အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး”
ထိုဟောပြောချက်ကို အလေးအနက်ထားပြီး စဉ်းစားကြည့်ကြပါက ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပွားနေကြသော နိုင်ငံအချင်းချင်းစစ်ပွဲများ၊ တစ်နိုင်ငံ၏ပြည်တွင်းရေးကို ထိုနိုင်ငံ၏ပြည်တွင်းသစ္စာဖောက် လောက်ကောင်များအား မြှောက်ထိုးပင့်ကော် သွေးထိုးလှုံ့ဆော်ပေးကြပြီး ပြည်တွင်းစစ်ပွဲများကို ဖြစ်ပွားစေခြင်းများ၊ တစ်ဖက်လှည့်နှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရောင်းဝယ်နေကြမှုများ၊ ငါနဲ့မတူ ငါ့ရန်သူ၊ လိုတစ်မျိုး မလိုတစ်မျိုး တစ်ဖက်သတ် ပိတ်ဆို့မှုများ၊ ကြီးနိုင်ငယ်ညှဉ်းရက်စက်မှု များအပါအဝင် မြန်မာနိုင်ငံ၏ ရှည်ကြာနေခဲ့သော ပြည်တွင်းစစ်ကို ဖြစ်ပွားစေခြင်း စသည့် စနစ်ဆိုး၊ ဝါဒဆိုးကြီးစိုးနေမှုများကို ဂျွန်ရပ်စ်ကင်းက ကြိုတင်၍ မီးမောင်းထိုးပြခဲ့သကဲ့သို့ ခံစားလိုက်ရပါသည်။
“ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ သစ်ကြားသီး ခြောက်လုံးလောက် ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ဆင်းရဲသားတွေရဲ့စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေကြတာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေဘူး” လူတန်းစားရပ်တည်ချက် မှန်ကန်ပြီး ဓမ္မနှင့်အဓမ္မကို မီးမောင်းထိုးပြခဲ့သော ဂျွန်ရပ်စ်ကင်းက နိုင်ငံတကာ၏ အနာဂတ်ကိုများ မျှော်မှန်းပြီး ဟောပြောခဲ့လေရော့ သလားဟု ကျွန်တော်တွေးတောနေမိပါသည်။
“ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ တောင်တရုတ်ပင်လယ်တစ်ဝိုက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်တွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး”
“ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက်ပိုကဲတဲ့ ပိုက်ဆံရော အသက်ပါပေးလို့ နှစ်ခုစလုံးကို တောင်းနေတဲ့ ဓားပြအကြီးစားတွေ ဓားပြတိုက် နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး”
“ကျွန်တော်တို့တစ်တွေဟာ ဘာဖြစ်လို့ လူတွေစာဖတ်ဖို့အကြောင်းကို ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန်တော်တို့လူမျိုးဟာ စာမဖတ်နိုင်ဘဲဖြစ်နေတယ်။ ဒီလို စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတစ်မျိုးဟာ စာမဖတ်ချင်ဘဲဖြစ်နေတယ်။ ဘယ်လောက်ကြီးကျယ်တဲ့စာရေး ဆရာက ရေးခဲ့တဲ့စာပဲဖြစ်စေ၊ စိတ်ဓာတ်ပျက်ပြား နေတဲ့ လူမျိုးတစ်မျိုးဟာ နားဝင်မှာ မဟုတ်ပါဘူး”
“အခုလက်ရှိအခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့အတွေးအခေါ်ပါတဲ့ စာတွေကို ဖတ်နိုင်မှာမဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကိုမှလည်း လက်ခံနိုင်မှာ မဟုတ်ဘူး။ လူမျိုးတစ်မျိုးဟာ စာပေကိုအထင်သေး နေရင်၊ သိပ္ပံပညာကိုအထင်သေးနေရင်၊ အနုပညာကို အထင်သေးနေရင်၊ ဘဝကိုအထင်သေးနေရင်၊ မေတ္တာကရုဏာကိုအထင်သေးနေရင်၊ ပိုက်ဆံ နောက်ကိုသာ ငမ်းငမ်းတက်လိုက်နေရင် အဲဒီလူမျိုး ဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူး”
လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ စာဖတ်အားနည်းနေသည့် အခြေအနေနှင့် ဂျွန်ရပ်စ်ကင်း၏ ဟောပြောချက်သည် ကွက်တိပင်မှန်ကန်နေပါသည်။ အချိန်မီနောင်တရကြစေချင်ပါသည်။ သံဝေဂရ ပြုပြင်ကြစေချင်ပါသည်။
အင်္ဂလိပ်လူမျိုး ဂျွန်ရပ်စ်ကင်းက သူ့နိုင်ငံအတွက် ခံစားချက်ပြင်းပြင်းပြပြဖြင့် ဟောပြောခဲ့ရာ သူ့နိုင်ငံသူ နိုင်ငံသားတွေကလည်း လက်ခံခဲ့ကြပြီး အချိန်မီပြုပြင်ခဲ့ကြ၊ စာတွေကို ဖတ်ခဲ့မှတ်ခဲ့ကြသောကြောင့် ယနေ့ဗြိတိသျှ အင်ပါယာကြီးသည် ခံ့ထည်တည်ငြိမ်အေးချမ်းနေသည်ကို တစ်ကမ္ဘာလုံးက သိနေကြပါသည်။
ဤသည်ကို ဆရာမြသန်းတင့်က”စာဖတ်ခြင်း နှင့် ကြီးမြတ်သောလူမျိုး”ဟု တင်စားအမွှမ်းတင်ခဲ့ခြင်း ဖြစ်ပါသည်။
ယခု ကျွန်တော်တို့နိုင်ငံတွင် ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီးအချို့ ဘာတွေလုပ်နေကြပါသနည်း။ စာဖတ်ကြရဲ့လား၊ စာမှတ်ကြရဲ့လား၊ ဖုန်းတွေကိုပဲ သဲသဲမဲမဲ စွဲနေကြသလား။ နိုင်ငံတော်မှ တာဝန်ရှိသူတွေက ကျေးရွာပေါင်း ခြောက်သောင်းကျော်မှာ စာကြည့်တိုက်ပေါင်းများစွာ ဖွင့်လှစ်ပေး ခဲ့ပါသည်။ ခရီးသွားလာကြရင်း လက်လှမ်းမီသမျှ ဖတ်ရှုနိုင်ကြစေရန်”စာပေရေချမ်းစင်”များကို လည်း ငွေမြောက်မြားစွာ အကုန်အကျခံကာ စီစဉ်ပေးခဲ့ကြပါသည်။ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်”စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာမဖတ်သူပပျောက်ရေးလုပ်ငန်းစဉ်”များကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။
သို့သော် စားဝတ်နေရေး၊ နိုင်ငံရေးအကြောင်း မျိုးစုံပြကာ စာမဖတ်ကြဘဲ အချိန်ဖြုန်းဖုန်းပွတ် နေကြသူတွေက များနေပါသည်။ စာပေမြင့်မှလူမျိုးတင့်မည်။ စာဖတ်မှခေတ်နောက်မကျဘဲ ကြီးပွားမည်ကိုကား သတိလစ် မေ့လျော့နေကြ လေရော့သလားဟု မေးလိုက်ချင်ပါသည်။
ဤနေရာတွင် ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ၏ ဩဝါဒကို မျှဝေပေးချင်ပါသည်။
“အပြင်မှာ အရောင်တွေလင်းနေဖို့ထက် လူတိုင်းရဲ့ရင်ထဲမှာ အသိဉာဏ်တွေ လင်းနေဖို့က ပိုပြီးအရေးကြီးတယ်။ ကျေးရွာတစ်ရွာမှာ လျှပ်စစ်မီးလင်းရေးထက် စာကြည့်တိုက်တွေ ထွန်းကားဖို့ အမြန်ကြိုးစားကြဖို့လိုတယ်။ မီးလင်းနေ ပေမယ့် အိပ်နေသူတွေအတွက် ဘာမျှအကျိုးမရှိ နိုင်ဘူး။ စာကြည့်တိုက်ဖွင့်ထားပေမယ့် စာမဖတ်သူ တွေအတွက်ကတော့ မှောင်မြဲမှောင်နေဦးမှာပဲ”ဟု မီးမောင်းထိုးပြထားရာ ကိုယ့်ဘဝညအလားကွယ် အမှောင်ချထားကြသူများ၊ စာမဖတ်ကြဘဲ အချိန်ဖြုန်းနေကြသူများ အချိန်မီ စဉ်းစားပြုပြင်ကြစေချင်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။