ရန်ကုန် ၁၇ အောက်တိုဘာ
MPT သုံးစွဲသူများနှင့်အများပြည်သူ စာပေဖတ်ရှုနိုင်ရန် မိုဘိုင်းဖုန်းများရှိ MPT Book ဝန်ဆောင်မှုဖြင့် ရသစာပေ၊ ဗဟုသုတစုံလင်သော မဂ္ဂဇင်းများ၊ဂျာနယ်များနှင့် နောက်ဆုံးရသတင်းများ ကိုတစ်နေရာတွင် ဖတ်ရှုနိုင်သော ပထမဆုံး eBook ဝန်ဆောင်မှုအဖြစ် မိတ်ဆက်ခြင်း အခမ်းအနားကို အောက်တိုဘာ (၁၇) ရက် နံနက်(၁၀)နာရီက ရန်ကုန်မြို့ ဆူးလေရှန် ဂီလာဟိုတယ် Ballroom( 1) တွင် ကျင်းပသည်။
အများပြည်သူစာပေဖတ်ရှုခြင်းဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန် စာပေထုတ်ဝေရေးတိုက်(၃၀) ကျော်နှင့် eBook ဗားရှင်းဖြင့်ပုံနှိပ်ထုတ်ဝေလျက်ရှိသော စာအုပ်အမျိုးအစားပေါင်း ထောင်ကျော်၊ ဂျာနယ်(၂၄)စောင်၊မဂ္ဂဇင်းစာအုပ်ပေါင်း(၂၆)အုပ်တို့ကို ယခုလကုန်ပိုင်းတွင် online ၊ offline တို့တွင် အခမဲ့ဝန်ဆောင်မှု၊ ဝယ်ယူဖတ်ရှုခြင်း၊ ငှားရမ်းဖတ်ရှုခြင်းနှင့် လစဉ်စာရင်းပေး သွင်းဖတ်ရှု သောစနစ်တို့ဖြင့် ရွေးချယ်ဖတ်ရှုနိုင်မည့်အပြင် ဝယ်ယူမဖတ်ရှုမီ အခမဲ့ဝန် ဆောင်မှုပေးထားသည့် eBook များကိုလည်း ရယူဖတ်ရှုနိုင်မည်ဖြစ်သည်။
“အနုပညာတစ်ခုပိုပြီးတော့ လူထုကြားထဲရောက်ရှိစေဖို့ဆိုရင် အဆင့်မြင့်နည်းပညာသုံးစွဲတာ အလွန်ပဲကောင်းမွန်ပါတယ်။အသုံးမတတ်ရင်တော့ အဲ့ဒီအနုပညာ ပွန်းပဲ့သွားနိုင်တယ်။ ဒီအစီအစဉ်ကတော့ အနုပညာကို ကောင်းစွာအသုံးချပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ကျင့်တရားနဲ့ ပညာ၊ ဗဟုသုတ၊ရသကို တိုးချဲ့ရာရောက်စေတယ်လို့ နားလည်ပါတယ်။ စာရေးသူတစ်ယောက်၊ စာဖတ်သူတစ်ယောက်အနေနဲ့ များစွာကြိုဆိုပါတယ်။ အောင်မြင်ပါစေ၊ထိရောက်ပါစေ” ဟု စာရေးဆရာ ချစ်ဦးညိုက ပြောကြားသည်။
ဖုန်းအသုံးပြုမှုများသောပြည်သူတို့တွင် ဖေစ့်ဘွတ်ခ်သုံးစွဲသူ(၄၀)ရာခိုင်နှုန်းကျော်ရှိပြီး MPTမှ မြို့နယ်ပေါင်း(၃၀ဝ)ကျော်ကို လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိရာ eBookကိုအသုံးပြု၍ စာပေမျိုးစုံ ကိုဖတ်ရှုနိုင်ပြီဖြစ်ကြောင်း၊ မိမိကြိုက်နှစ်သက်ရာ စာအုပ်၊မဂ္ဂဇင်း၊ ဂျာနယ်၊ နောက်ဆုံးရသတင်းနှင့် ကာတွန်းရုပ်စုံ၊ဝတ္ထု၊ ကဗျာတို့ကို တစ်နေရာတည်းတွင် ဖတ်ရှုနိုင်မည်ဖြစ်သည်။
စာအုပ်ထုတ်ဝေသူလည်းဖြစ် စာရေးဆရာလည်းဖြစ်သော ဦးမြေမှုန်လွင်ကလည်း “ MPT Bo oks စတင်တဲ့နေ့ဖြစ်ပေမယ့် အခက်အခဲတွေကို ထဲထဲဝင်ဝင်ကြုံတွေ့နိုင်တာကြောင့် ကြိုးစားသွားရ မှာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်နဲ့အွန်လိုင်းပေါ်မှာ စာအုပ်အတော်များများ အခမဲ့တင်တာကိုအဖြေရှာဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ခိုးကူးစာအုပ်တွေ အသုံးပြုနေမှုအပေါ် အစားထိုးဖို့ လိုအပ်နေချိန်မှာ တရားဝင်အသုံးပြုဖို့ ပလက်ဖောင်းတစ်ခုလိုအပ်တာကြောင့် အခုလိုMPT Booksနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့ ထူထောင်တဲ့အခါမှာ စာဖတ်ဖို့နဲ့ စာပေလေ့လာမှုပြင်းထန်ဖို့လိုပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်ဆိုင်မရှိတာများတဲ့အတွက် တစ်နိုင်ငံလုံး ရဲ့ (၉၀)ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်တဲ့ MPT မှာပူးပေါင်းပါဝင်တဲ့ စာရေးဆရာတွေ၊ထုတ်ဝေသူတွေ၊ပညာရှင်တွေကို အထူးပဲကျေးဇူးတင်ပါ တယ်”ဟုပြောသည်။
MPT Books ၏ Web Page ကို Lo Ta Ya Portal လင့်ခ်မှ ဒေါင်းလုတ်ရယူ၍ *7272# သို့ဖုန်း ခေါ်ဆိုပြီး SMS မှတဆင့် ဒေါင်းလုတ်လင့်ခ်ရယူကာ ဝန်ဆောင်မှုကို စာရင်းပေးသွင်းလျက် တစ်နိုင်ငံလုံး အသုံးပြုနိုင်မည်ဖြစ်ရာ စာပေမြတ်နိုးသောပြည်သူတို့ကို MPT မှ ဝန်ဆောင်မှုစတင်ပေးပြီဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ-သန်းစိုး