ဝန်းသို ၂၉ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာနှင့် သပြေသာကျေးရွာရှိ ကျေးရွာပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု (Mobile Team) အစီအစဉ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက သုတ/ရသစာအုပ်ပေါင်း ၁၀၀ ကျော်ကို အခမဲ့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်များငှားရမ်းပေးမှုကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခွင်ကြည်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးသူနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်တို့က သွားရောက်၍ ကျေးရွာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ သုတ/ရသ စာအုပ်များ ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျေးရွာပြည်သူများ လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု (Mobile Team) အစီအစဉ်ဖြင့် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ တစ်ပတ်လျှင်တစ်ရွာ အလှည့်ကျကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်း၊ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ ဆက်)