ပွင့်ဖြူ   ၁၆   နိုဝင်ဘာ   

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာ (အမက) ကျောင်းနှင့် မုန်တောကြီးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းများသို့ သွားရောက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရပ်ကပ်စာစောင်နှင့် အသိပညာပေး မှတ်တမ်းဓာတ်ပုံ ပြသခြင်းလုပ်ငန်းများ သီးခြားစီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး ဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများရှိ (KG)တန်းအရွယ် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးကာ ဆေးရောင်ခြယ်ပြိုင်ပွဲတွင်(ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများကို ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်က ပုံဆွဲစာအုပ်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပေးသည်။

 

 

ပြိုင်ပွဲအပြီးတွင် မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်က ကျောင်းသားကျောင်းသူများကို မြန်မာနိုင်ငံ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲနေမှုအကြောင်းအရာများ၊ နိုင်ငံနှင့် လူမျိုးအပေါ် ကာကွယ်ထိန်းသိမ်းလိုစိတ်များ ရှင်သန်ထက်မြက်လာရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထိန်းသိမ်းကာကွယ်စိတ်များ ရှင်သန်နိုးကြွလာရေး၊ စာဖတ်ခြင်းမှ အသိပညာ ဗဟုသုတ တိုးပွားစေမှုနှင့် စာဖတ်ခြင်းအလေ့အထများကို တန်ဖိုးထားပြီး စဉ်ဆက်မပြတ် စာပေဖတ်ရှုရေးအကြောင်းကို  အသိပညာပေး ဟောပြောသည်။

ထို့နောက် ဝန်ထမ်းများက ကလေးများအကြိုက် သုတရသ စာအုပ်စာစောင်များကို ငှားရမ်းပြီး စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးဖြစ်စေနိုင်မှု မှတ်တမ်းဓာတ်ပုံများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို ပညာပေး ပြသခြင်းများ ပြုလုပ်ပေးရာ အခြေခံပညာကျောင်းများရှိ ကျောင်းသားကျောင်းသူများက စာအုပ်စာစောင်များကို အားပါးတရ ဖတ်ရှုလေ့လာကြပြီး ခင်းကျင်းပြသထားသည့် ပညာပေး မှတ်တမ်းဓာတ်ပုံများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)