ရန်ကုန် ၁၃ နိုဝင်ဘာ
မြန်မာနိုင်ငံဆရာဝန်အသင်း၊ စာရေးဆရာ ဆရာဝန်အဖွဲ့မှကြီးမှူး၍ စာပေဆုရ စာရေးဆရာ ဆရာဝန်များ ဂုဏ်ပြုပွဲနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) အတွင်းရေးမှူး ဒေါက်တာထင်အောင်စောက အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာ ဆရာဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း (ဂျူး) က အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို)မှ တာဝန်ရှိသူများနှင့် စာရေးဆရာ ဆရာဝန်အဖွဲ့တို့မှ တာဝန်ရှိသူများက ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆုရ ဒေါက်တာ ခင်လက်ျာ၊ ၂၀၁၈ ခုနှစ် စာပေဗိမာန်စာမူဆုရ ကိုလွင်ဘို(မေ့ဆေး)၊ ထွန်းဖောင်ဒေးရှင်း စာပေဆုနှင့် ပခုက္ကူဦးအုန်းဖေ စာပေဆုရ ဒေါက်တာခင်မောင်လွင် (FAME)၊ ဆရာဝန် တင်ရွှေ စာပေဆုရ ဒေါက်တာရီရီလှ (ယုဝတီခင်ဦး)၊ သုတစွယ်စုံစာပေဆုရ ဒေါက်တာအောင်ကြီး၊ ဒေါက်တာရဲမြင့်ကျော် (လင်္ကာရည်ကျော်)၊ ဒေါက်တာစိန်လင်း (စိန်လင်း- ခွဲစိတ်နှင့် ကင်ဆာပါရဂူ)၊ ဒေါက်တာခင်မောင်လွင်နှင့် ဒေါက်တာခင်ယုဆွေ (မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေး) တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဂုဏ်ပြုခံစာရေးဆရာ ဒေါက်တာခင်မောင်လွင်က ကျေးဇူးတင်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ စာရေးဆရာ ဆရာဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း (ဂျူး) က ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျန်းမာရေးအသိပညာ ပေးဆွေးနွေးပွဲတွင် Moderator အဖြစ် ဆရာလင်း(ဆေး-၁) က ဆောင်ရွက်ကာ ဒေါက်တာရဲမြင့်ကျော်၊ ဒေါက်တာစိုးမင်း၊ ဒေါက်တာဖြိုးသီဟ၊ ဒေါက်တာနီလာသိန်း၊ ဒေါက်တာမြတ်သီရိမောင်တို့က ပါဝင်ဆွေးနွေးကြသည်။
ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့် စာရေးဆရာ ဆရာဝန်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနီလာသိန်း (မြကြာငုံ) က “ဒီနေ့ ဆွေးနွေးပွဲမှာ ကျန်းမာရေးအသိပညာပေး မြှင့်တင်ရေးကို အဓိကထား ဆွေးနွေးကြပါတယ်။ ပြည်သူတွေကို ကျန်းမာရေး အသိပညာ ဘယ်လိုပေးမလဲ၊ အသိပညာပေးတဲ့ အခါမှာ လမ်းကြောင်းတွေရှိပါတယ်၊ ပြည်သူတွေကို ဆိုရှယ်မီဒီယာတွေကနေ ပေးမလား၊ ဒါမှမဟုတ် စာအုပ်စာပေကနေ ပေးမလား၊ ဟောပြောခြင်းတွေကနေ ပေးမလား၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ အမြင်တွေ၊ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အဆင့်အတန်း၊ ကျန်းမာရေး အသိပညာ ပြည်သူလူထု ကျန်းမာရေးအသိ ပညာတိုးတက်မြင့်မားလာဖို့အတွက် ဘယ်လိုမျိုးနည်းနဲ့ ကြားခံအနေနဲ့ ဆောင်ရွက်ပေးမလဲ ဆိုတာတွေ ကိုယ့်အမြင်နဲ့ကိုယ် ဆွေးနွေးကြပါတယ်” ဟု ပြောသည်။
ယနေ့ ပြုလုပ်သည့် အခမ်းအနားသို့ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) မှ တာဝန်ရှိသူများ၊ စာရေးဆရာ ဆရာဝန်အဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
(မင်းသစ်-MNA)


