ဗညားကျန်းထော

“လောကသည် မိမိအတွက် မဟုတ်။
မိမိသည်သာ လောကအတွက် ဖြစ်စေရမည်ဟူသော ကောင်းမြတ် သည့်  ရည်ရွယ်ချက်ဖြင့်  အလုပ်လုပ်သောလူများကို နတ်လူသာဓု ခေါ်ကြမည်။”
စာရေးဆရာကြီး ဦးရွှေအောင် (၁၉၂၈-၁၉၉၄)
သတင်းခေတ်
ယနေ့ခေတ်ကို သတင်းခေတ်ဟု အချို့က ခေါ်ဝေါ်နေကြပေသည်။ သတင်းက ထမင်းထက်ပင် အသက်ရှင်ရေး၊ အသက်မသေဘဲ ရှင်သန် ရေးအတွက် တစ်ခါတစ်ရံ အရေးပါနေပါသေးသည်။ သတင်းမသိလိုက် သဖြင့်   အငိုက်မိကာ   ချေမှုန်းခြင်းခံရသော  တပ်များအကြောင်း သာဓကပြစရာ ဖြစ်ရပ်တွေ များစွာရှိပေသည်။ 
သတင်းရထားသဖြင့် လက်ဦးမှုရယူကာ စစ်ဦးဘီလူးတိုက်ခိုက် နိုင်လိုက်သဖြင့် မိမိတို့ဘက်က အောင်ပွဲရသော တိုက်ပွဲများလည်း ဥပမာပြစရာတွေ  မနည်းလှပေ။  သတင်းစုံစွာရသူ၏  လက်ထဲမှာ အခြေအနေ ဖန်တီးနိုင်စွမ်းရှိ၏။ သတင်းများများရရှိကာ အချက် အလက်များစွာ သိရှိထားသူက မသိနားမလည်စွာ ယောင်ဝါးဝါးနှင့် စိတ်လှုပ်ရှားမှုနှင့် ခံစားချက်နောက်လိုက်ပါသော ရွေးချယ်ဆုံးဖြတ် ချက်၊  လုပ်ဆောင်ချက်များနှင့် အလွဲလွဲအချော်ချော် ဖြစ်နေသူအပေါ် အနိုင်ယူလေ့ရှိသည်မှာ ဘာမျှမဆန်းပါချေ။ 
သတင်းအချက်အလက်ကပင် အနိုင်အရှုံးအတွက် အဖြေထွက်စေ တတ်လေသည်။  စစ်ရေးစစ်ရာသဘောမှာတော့  တိုက်စစ်ဖြစ်စေ၊ ခံစစ်ဖြစ်စေ သတင်းကို ပြည့်စုံကျယ်ပြန့်စွာ ရယူသိမြင်ရေးသည် သေရေး ရှင်ရေးပင်။ အလားတူ စီးပွားရေး၊ ပညာရေး၊ ဘဝတိုးတက် ရေးတို့မှာလည်း အသိအမြင်ဗဟုသုတ ပြည့်ဝသူတို့က ကောင်းစား ကြီးပွားကြပြီး   သတင်းအချက်အလက်ရရှိမှု   နည်းပါးသူတို့ကား ဆင်းရဲနိမ့်ကျခြင်း၊  အနိုင်ကျင့်ခံရခြင်း၊  အဖိနှိပ်ခံရခြင်း၊  လူနေမှု ဘဝအောက်တန်းကျခြင်းတို့နှင့် ရင်ဆိုင်ကြရသည်။
နည်းပညာခေတ်
မြန်မာစာ၊ မြန်မာစကားမှာတော့ သတင်းခေတ်ဟူ၍ သုံးနှုန်းလေ့ မရှိပေ။ အနောက်နိုင်ငံများက Information Age ဟု သုံးနေကြ သော်လည်း  မြန်မာဘာသာကမူ  ပညာခေတ်၊  နည်းပညာခေတ် Technology Age ဟုသာ ပြောဆိုနေကြကြောင်း တွေ့ရပေသည်။ သတင်းဆိုဆို၊   ပညာဆိုဆို၊   နည်းပညာပြောပြော၊   ဗဟုသုတဟု ယူလိုယူ၊ သိသင့်သိထိုက်သည်တို့ကို သိမြင်မှသာ လူရာဝင်ပေသည်။ လွန်ခဲ့သော    နှစ်ပေါင်း  ၂၅၀၀  ကျော်ကာလကပင်     ဂေါတမဗုဒ္ဓ (ဘီစီ ၆၂၃-၅၄၃) က  ဗဟုသစ္စဉ္စ  (အကြားအမြင် များခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ကြောင်း)  မင်္ဂလသုတ်တွင် ဟောကြားတော်မူခဲ့၏။
အောင်မြင်မှု၊   တိုးတက်မှုအတွက်  အကြားအမြင်များခြင်း၊ အထွေထွေဗဟုသုတ    ကျယ်ပြန့်ခြင်း၊   ရှေ့ရေးကို  မှန်ကန်စွာ တွေးခေါ် မြော်မြင်တတ်ခြင်းတို့က     အထောက်အပံ့ရ၏။  မသိ၊ မမြင်၊  နားမလည်၊  သဘောမပေါက်၊  ဘယ်အခြေအနေရောက်၍ ဘယ်သောင်ဘယ်ကမ်းသို့ ဆိုက်မှာမှန်းမသိဘဲ အသိဉာဏ်မွဲသူတွေ လည်းရှိ၏။
အခြေအနေတော်တော်ဆိုးပါလား။ ဘယ်သို့ကယ်ဆယ်ကြရပါ မည်နည်း။ သော့ချက် အကျဆုံး အချက်ကို ဝါကျတစ်ကြောင်းတည်းနှင့် ဖော်ပြရလျှင် “စာဖတ်ရန်လိုသည်”ဟုသာ ဆိုရပါမည်။ စာထဲမှာ ဘာတွေရှိသနည်း။ အလိမ္မာတွေရော၊  အမိုက်အမှားတွေရော ရှိကြ သည်။ စာဖတ်သူတိုင်း လူတော်မဖြစ်။ အသိနည်းသူအဖြစ်မှ အသိများ သူတော့ ဖြစ်လာမည်။ သုတစာပေက ဗဟုသုတပေးဝေ၏။ သူဌေး ဖြစ်နည်းကို သိရှိနိုင်သကဲ့သို့ ဗုံးခွဲနည်း၊ မိုင်းလုပ်နည်းလည်း စာအုပ် ထဲက ရနိုင်၏။
ဖတ်သူကိုယ်၌က     စိတ်ကောင်းရှိရန်     အရင်းခံလိုအပ်၏။ ကောင်းရာကောင်းမှုအတွက်   ရည်ရွယ်ချက်ဖြင့်   ရှာဖွေလေ့လာမှ ကောင်းကျိုးရမည့် ဗဟုသုတများကို တွေ့ရပေလိမ့်မည်။
သုတစာပေ
သုတစာပေထဲမှ   ကောင်းကျိုးရစေမည့်   ပညာရပ်အမျိုးမျိုး၊ ဘာသာရပ်မျိုးစုံကို စာအုပ်စာပေမှလည်း ရရှိနိုင်သည်။ လက်ကိုင်ဖုန်း လေးထဲမှ ယူကျု၊ ဂူဂဲစသည်တို့မှလည်း ဖတ်ရှုကြည့်ရှုနိုင်၏။ စာအုပ် ထဲမှာထက်  လက်ကိုင်ဖုန်းထဲမှာ  မဟုတ်မမှန်အချက်အလက်နှင့် တမင်လွဲမှားသော သတင်းများ၊ လှည့်စားမှုများ၊ ဘက်လိုက်သော ဆွဲဆောင်မှုများ၊ စိတ်လှုပ်ရှားအောင် လှုံ့ဆော်ပြီး ချောက်တွန်းသော အရာတွေလည်း ရှိနေသေးသည်။ သူတို့က လူတော်တွေပါ။ သို့ရာတွင် လူယုတ်မာဖြစ်နေကြသဖြင့် သတင်းကို ချိုးဖဲ့ဖျက်ဆီး စားသောက်ကာ (သူတို့ကြီးပွားချမ်းသာ ဇိမ်ကျဖို့ရာ) ဖောက်ပြန်နေကြသူ အချို့ရှိ၏။ ကန်လည်းကန်တတ်၊  ကိုက်လည်းကိုက်တတ်သူအချို့အား ဒေါ်လာ နှင့်ပေါက်၍ “မြင်းကို ချိုတပ်ပေးသူများ” ရှိနေခဲ့၏။ ထို့ကြောင့် ကန်ရုံ၊ ကိုက်ရုံသာမက ခွေ့(ဝှေ့)လည်း ဝှေ့ကာ လူအများကို ဒုက္ခပေးနေကြ ပါ၏။ 
တန်ဖိုး
ကိုယ့်အလုပ်ကိုလုပ်၍   ကိုယ့်လမ်းကိုသွားကြပါက   မည်သူမျှ ပြဿနာ မတွေ့ကြုံရပါ။ သတင်း၏ သဘောက မှန်ရမည်၊ မမှားရ၊ မလွဲရ၊  တိကျရမည်၊  မရေမရာ ဇဝေဇဝါ မဖြစ်ရ၊   မြန်ဆန်ရမည်၊  နောက်မကျစေရ၊ မနှေးကွေးစေရ၊ ထိရောက်ရမည်။ ထိရောက်စွာ ရေးတတ်သားတတ်၊ ပြတတ် ညွှန်တတ်၊ လိုရင်းတိုရှင်း ထင်းခနဲ လင်းခနဲ သိမြင်စွဲမှတ်သွားလောက်အောင် လုပ်ဆောင်တတ်ရသည်။ သတင်းစာဆရာ၊ ဂျာနယ်သမားသည် ဖြောင့်မတ်ရပါသည်။ အမှန် တရားကို    မြတ်နိုးသူဖြစ်ရသည်။   မုန်းသူကို   နာစေပြီး    ချစ်သူ ကိုယ့်ဘက်လူဆိုလျှင်သာစေသော သဘောထားမျိုး မရှိရပေ။
သတင်းသမားမှာ စိတ်ကောင်းရှိရန် အဓိကအရေးကြီးသကဲ့သို့ ဝတ္ထုကဗျာ   ဖန်တီးမှု  အနုပညာရသ  စာပေရေးဖွဲ့သူတို့မှာလည်း စိတ်ကောင်းရှိဖို့ကသာ ပထမပဲဖြစ်ပါသည်။
“Not to attack
nor to defend
but to explain.”
               အမည်မသိစာရေးသူ(သမိုင်းကျမ်းတစ်စောင်မှ)
ယင်းစာသုံးကြောင်းကို    ဆရာကြီး    တက္ကသိုလ်ဘုန်းနိုင်က (၁၉၃၀-၂၀၀၂ ) က မြန်မာလို ဘာသာပြန်ထားဖူးသည်။
“ဘာကိုပင်မှ၊ မပုတ်ခတ်လို။
ဘာကိုမျှလည်း၊ ဆည်းကာမကွယ်။
သိဖွယ်ရှိသမျှ၊ ရှင်းပြခြင်းသာ။
သတင်း
သတင်းဆိုသည်မှာ နည်းရှိသမျှနှင့် စုဆောင်းရရှိသည့် အချက် အလက်များဖြစ်၏။ သိသင့်သူကို  အသိပေးရ၏။
သတင်းဆိုသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သောအရာ သို့မဟုတ် မဖောက်မပြန် စစ်မှန်သော အရာဖြစ်၏။
အရာဝတ္ထုတို့၏ ပကတိသဘောသဘာဝဖြစ်၏။
သတင်းအမှန်က တန်ဖိုးရှိသကဲ့သို့ သတင်းမှားများက အန္တရာယ် ပြု လှည့်စားတတ်သည်။ ထောင်ချောက်ထဲသို့ မောင်းသွင်းတတ်သည်။ သတိထားအပ်သည်။
သတင်းထုတ်ဝေသူ၏       ယုံကြည်ကိုးစားနိုင်မှုပြကိန်းက အရေးကြီးလေသည်။ ပုဂ္ဂိုလ်ရေး တည်ကြည်ဖြောင့်မှန်မှု၊ ဂုဏ်သိက္ခာ ကို ကြည့်တတ်ရမည်။ မိုးလုံးပြည့် မုသာဝါဒများ ဖြန့်ဖြူးနေလေ့ရှိသူကို ဆရာတင်ပြီး  နောက်ကတကောက်ကောက်လိုက်မိသည်ရှိသော် ဒုက္ခရောက်နိုင်၏။
ဖတ်ရှုသူ၏ ဝေဖန်ဆန်းစစ်သုံးသပ်နိုင်စွမ်း
စာများများဖတ်လာ၍ ရှုထောင့်စုံအောင် တွေးမြင်တတ်လျှင် ဤသို့နွံနစ်ခြင်းကို ရှောင်ရှားတတ်မည်။ သတင်းမှားတွေကို  ရှာဖတ် ရင်း လွဲချော်ခြင်းမျိုး ကင်းဝေးမည်။
သတင်းယူသူ
သတင်းအရေးကြီးကြောင်း၊ သေရေး ရှင်ရေးပင်ဖြစ်ကြောင်း၊ စစ်ရေးကိစ္စတွင် သတင်းလက်ဦးရေး၊ အငိုက်ဖမ်းခြင်း၊  လှည့်စားခြင်း၊ ဟန်ဆောင်ဖုံးကွယ်ခြင်းများအတွက်   သတင်းထောက်လှမ်းရေး (စပိုင်သူလျှို)နှင့်  သတင်းလုံခြုံရေးတို့  အဓိကကျကြောင်း အဖွင့် နိဒါန်းပိုင်းမှာပင် တင်ပြခဲ့ပါ၏။ စာဖတ်သူသည် သတင်းတစ်ရပ်ကို မိမိအတွက် အကျိုးရှိအောင် အသုံးချနိုင်ရန်(သိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ) အောက်ပါအချက်များကို လုပ်ဆောင်ရလေ့ရှိပေသည် - 
၁။     သတင်းစုဆောင်းခြင်း၊ 
၂။     သတင်းပိုမိုတိကျခိုင်မာစေခြင်း၊ 
    (က)    စိစစ်ခြင်း၊ 
    ( ခ )    အကဲဖြတ်ခြင်း၊ 
    ( ဂ )    အတည်ပြုခြင်း၊ 
၃။     သတင်းတည်ဆောက်ခြင်း၊ 
၄။     သတင်းသုံးသပ်ချက်အဖြေထုတ်ခြင်း၊ 
    (က)    အနက်ကောက်ခြင်း၊ 
    ( ခ )    ကောက်ချက်ဆွဲခြင်း၊ 
၅။    အလားအလာတွက်ချက်ခြင်း၊ 
၆။     လိုအပ်သလို လှုပ်ရှားမှု ပြုလုပ်ခြင်း။ 
သတင်းရယူခြင်းသဘောသည် ရဲတပ်ဖွဲ့သာလုပ်ရသော အလုပ် မဟုတ်။ စစ်တပ်ကသာ လုပ်ရသည့်အလုပ်မဟုတ်။ သာမန်ပြည်သူ ပြည်သားအားလုံးတို့၏   နားမျက်စိအားလုံးသည်  တိုင်းပြည်နှင့် ပြည်သူအတွက် ထက်မြက်သွက်လက်သော အာရုံခံအင်္ဂါ အစိတ် အပိုင်းများပင် ဖြစ်ကြပါသည်။
စနစ်တကျ
ရရှိသော ဗဟုသုတအချက်အလက်ကို စိစစ်ဝေဖန်တွေးတော ခြင်းသည် ခံယူသူ၏ စွမ်းရည်အလိုက် ကွဲပြားနိုင်ကြ၏။ မည်သို့ဖြစ်စေ စနစ်တကျသာ  ပြုလုပ်မည်ဆိုပါက  ဤအချက်များပါဝင်ကြောင်း လေ့လာတွေ့ရှိရ၏-
၁။    Questioning    မေးမြန်းစုံစမ်းခြင်း၊ 
၂။    Reading    ဖတ်ရှုရခြင်း၊ 
၃။    Describing    ဖော်ပြခြင်း၊ 
၄။    Writing    ရေးမှတ်ခြင်း၊ 
၅။    Analysing    ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း၊ 
၆။    Evaluating    အကဲဖြတ်ခြင်း။           
အကဲဖြတ်ခြင်း၊    အနက်ကောက်ခြင်း၊    သုံးသပ်ခြင်းတို့တွင် ဉာဏ်ရည်ချင်းသိသာစွာ ကွဲပြားကွာခြားကြသည်။ ကျမ်းစာပေအရ အသိဉာဏ်က သုံးဆင့်ရှိ၏။     


၁။    သုတဉာဏ်     =      မျက်မြင်ကိုယ်တွေ့အရသိခြင်း၊ 
၂။    အနုမိတဉာဏ်     =     အကြောင်းနှင့်အကျိုးဆက်စပ်ပြီး 
            ယုတ္တိဗေဒအရ သိသောဉာဏ်နှင့်
၃။    သစ္ဆိကတဉာဏ်     =     ကိုယ်တိုင်ဖြစ်ကြည့်သောဉာဏ် (ဝါ) 
            မျက်မှောက်ပြု သိဉာဏ်တို့ ဖြစ်၏။
အသိတရား၏ တိမ်မှု၊ နက်မှု ကွာခြားကြရခြင်းကား ကျွန်ုပ်တို့ အားလုံး (စာဖတ် သူရော၊  စာရေးသူပါ) အစမထင်သော သံသရာ၌ ကျင်လည်ကျက်စားပြေးလွှားခဲ့ကြသည်။  ဘဝပေါင်းများစွာ  ဘဝ အဆင့်ဆင့် ကျင်လည်ခဲ့ကြရသည်။ နတ်ဘုံ၌လည်းနေခဲ့၏။ လူ့ဘုံမှာ လည်း နေခဲ့ဖူး၏။ ငရဲဘုံ၊ တိရစ္ဆာန် ဘုံအမျိုးမျိုး အထွေထွေမှာလည်း နေခဲ့ကြရဖူး၏။   ထိုသို့နေခဲ့ကြရာတွင်  သူတော်ကောင်းနှင့်လည်း တွေ့ဖူး၏။  ကိုယ်တိုင် သူတော်ကောင်းလည်းဖြစ်ဖူး၏။  သူယုတ်မာနှင့် လည်းဆုံဖူး၏။ ကိုယ်တိုင် သူယုတ်မာလည်းဖြစ်ခဲ့ဖူး၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ သန္တာန်၌ ဥပါဒါန်တရားတို့သည် မျိုးစုံလှ၏။ ယင်းတို့က စရိုက်အဆင့်၊ ဉာဏ်အဆင့်၊ အနုသယအဆင့်၊ ဝါသနာအဆင့်တို့ဖြင့် တစ်ယောက်နှင့် တစ်ယောက် မတူကြဘဲ ရှိကြလေအောင် ဖော်ဆောင် ခဲ့ပေသည်။
စိုက်ခြင်း သီးခြင်း
လောကအတွင်း လောကကိုကြည့်နေကြသူချင်း မိမိတို့ စိုက်ပျိုး ခဲ့ကြသော မျိုးစေ့ အားလျော်စွာ အပင်၊ အပွင့်၊ အသီးတို့သည် ဖြစ်ပေါ် လာကြမည်သာဖြစ်၏။ ငှက်ပျောပင်ကို စိုက်ပါက ငှက်ပျောပင်သာ ပေါက်လိမ့်မည်။ သရက်ပင်ပေါက်ချင်၍မရ၊ သရက်ပင် ခေတ်စား၍ ငှက်ပျောပင်က သရက်ပင်ဖြစ်အောင် လုပ်လျှင် “မျက်လှည့် ဆရာ” ၏ မာယာ သရက်ပင်မျိုး၊ လိမ်လည်လှည့်စားသော မတော် မတရား သရက်ပင်မျိုးသာ ဖြစ်ပေလိမ့်မည်။ တကယ်စစ်မှန်သော သရက်ပင် မျိုးကား ဖြစ်မလာနိုင်။
လူတို့၏ အသိဉာဏ် ကွာခြား၊ ကွဲပြားချက်အရ အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း သိနိုင်ရန်ခဲယဉ်းကြ၏။ ထို့ကြောင့် စရိုက်၊ ဉာဉ်အတိုင်းသာ   သိချင်သလို   သိနေကြခြင်းဖြစ်၏။    တောသိ၊ တောင်သိ၊ မမှန်မကန်သိအောင်၊ အာရုံကို အမှန်အတိုင်း မမြင်ဘဲ မျက်စိမှောက်အောင် မျက်လှည့်ပြသူများ၏ အန္တရာယ်ကို သတိထား အပ်ကြပေသည်။ နှစ်ပေါင်းများစွာ သုတစာပေကိုသာ အထူးအားစိုက် ရေးသားခဲ့သူဖြစ်သဖြင့်  သတင်းနှင့် သုတစာပေကိုသာ တင်ပြရပါ သည်။ ပိုမိုအဆင့်အတန်းမြင့်ပြီး ပိုမို ထိရောက် လေးနက်သော “ရသ အနုပညာစာပေပိုင်း” ကို ဤနေရာမှာ ဆွေးနွေးဖို့ရာ အခွင့်မသာခဲ့ ပါ။ များစွာ စုဆောင်းလေ့လာ ဆည်းပူးရပါဦးမည်။
မသိမသာ မထိတထိနှင့် ကလိသလို ဖျက်လိုဖျက်ဆီးတွေကို မရေးသင့်ပါပေ။   ဆင်ကျီစားရာ  ဆိတ်မခံသာ၊   ယဉ်ကျေးမှုအစဉ် အလာကို အထိမခံ။

နိဂုံး

နိဂုံးချုပ်မှာ ဖော်ပြလိုသည်မှာ စာရေးကြသူများသည် ယုံကြည် ကိုးစားထိုက်သူများ ဖြစ်ရလေအောင် ကိုးစားနိုင်မှု (Reliability) ကို မဖြစ်မနေ   တည်ဆောက်ကြစေလိုပါသည်။   ဘယ်စာကို   ဘယ်လို ရေးရေး၊ ခိုင်လုံမှု (Validity) ရှိအောင် ရေးသားကြစေလိုပေသည်။ အနုပညာစံ၊   ယဉ်ကျေးမှုစံ၊   အမျိုးသား     အစဉ်အလာလက္ခဏာစံ (Nationl Identity) စသော ရှိသင့်ရှိအပ်သော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံ သော စာကောင်းပေကောင်းများ၏ ဖန်တီးဆွဲဆောင်အား၊ တွန်းအား များ၊    ပါဝင်မှုများစွာဖြင့်သာလျှင်   သာလွန်လှပ    ကောင်းမွန်သော အနာဂတ်ကို ကျွန်ုပ်တို့ပြည်သူ အားလုံး စည်းရုံးညီညာအောင်မြင်စွာ တည်ဆောက်နိုင်ကြမည်ဖြစ်ပါကြောင်း ဖော်ပြပါရစေ။       ။