ရန်ကုန် ၂၈ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးဖွင့်လှစ်သော စာရေးနည်းအခြေခံ လမ်းညွှန်သင်တန်း အမှတ်စဉ် (၁၀)သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အသင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ၌ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ သိပ္ပကျော်စွာ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ထို့နောက် အသင်းအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်)က သင်တန်း၌ ကျင်းပသည့် စာပေပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ပြဇာတ်စာပေဆုနှင့် သင်တန်းသား ထူးချွန်ဆု ရရှိသူများကို ဆုများပေးအပ်သည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့သည်။
သတင်း ၊ ဓာတ်ပုံ - ဥမ္မာသန့်


