ရန်ကုန် နိုဝင်ဘာ ၄

မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးဖွင့်လှစ်သည့် စာရေးနည်းအခြေခံလမ်းညွှန်သင်တန်း အမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ မြန်မာနိုင်ငံစာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က အဖွင့်အမှာ စကားပြောကြားပြီး အတွင်းရေးမှူး သင်တန်းမှူး ဦးညွှန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က သင်တန်း စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့် အခြေခံသတင်းရေးသားနည်းများကို  တက္ကသိုလ်မြတ်သူ၊ ဒေါက်တာထွန်းတင့်၊ လယ်တွင်းသားစောချစ်၊ မောင်ခင်မင်(ဓနုဖြူ)၊ သူရဇော်၊ ကြူကြူသင်း၊ မစန္ဒာ၊ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ မမိုးမြေ၊ မနှင်းဖွေး၊ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)၊ မောင်စိမ်းနောင်(လယ်ဝေး)၊ မြတ်စိုး(လှိုင်)၊ ပုသိမ်အောင်သန်းဦး၊ အောင်ကြည်ညွန့်(တက္ကသိုလ်)နှင့် ဆွေဇင်ညွန့်တို့က သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ  နိုဝင်ဘာ(၄)ရက်မှ (၂၈)ရက်အထိ  သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းသား/သင်တန်းသူ ( ၆၁ )ဦးတက်ရောက်ကြကြောင်း သိရသည်။

သီဟ