ရန်ကုန် ၂၇ ဇန်နဝါရီ
မြန်မာနိုင်ငံ စာပေလောကဖွံ့ဖြိုးတိုးတက်ရန်နှင့် မျိုးဆက်သစ်စာပေပညာရှင်များ ပေါ်ထွန်းလာရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် စာရေးနည်း အခြေခံလမ်းညွှန်သင်တန်း အမှတ်စဉ် (၁၀)သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစာရေးဆရာအသင်း ရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿ ကျော်ဝင်း)က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဟောပြောဆွေးနွေးလေ့လာရေးနှင့် တိုင်းရင်းသားစာပေလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ)က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး အသင်းအတွင်းရေးမှူး သင်တန်းမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က သင်တန်းစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။

သင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၃၄ ဦး တက်ရောက်ကြပြီး ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ ဘာသာပြန်ရေးသားနည်းတို့ကို မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ဝါရင့်စာရေးဆရာ၊ ဆရာမကြီးများက ဖေဖော်ဝါရီ ၂၈ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နေ့စဉ် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ- မွန်းဦးနဒီ