နေပြည်တော်၊ ဒီဇင်ဘာ ၂၁
လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ ဆီထွက်သီးနှံ အထူးဇုန် တာဝန်ခံများနှင့် သင်တန်းကျောင်းတာဝန်ခံများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစား ရေရိက္ခာဖူလုံရေး၊ ပြည်ပပို့ကုန်တိုးတက်ထုတ်လုပ်ရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို နိုင်ငံတော်အစိုးရက မူဝါဒများချမှတ် ဆောင်ရွက်ပေးခြင်းနှင့်အတူ လိုအပ်ချက်များကိုလည်း ဘက်စုံကဏ္ဍစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှုနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် လယ်ယာကဏ္ဍ၏ စိုက်ပျိုးထုတ်လုပ်မှု သိသာစွာ တိုးတက်ပြောင်းလဲလာရေး ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်သူများနှင့် အနီးကပ်ထိတွေ့ ဆောင်ရွက်ကြရသည့် တိုင်းဒေသကြီး ပြည်နယ် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးများ၏ စွမ်းဆောင်နိုင်မှု အရည်အချင်းသည် အဓိကကျသဖြင့် မျိုး၊ မြေ၊ ရေ၊ နည်းပညာ ဆိုင်ရာလုပ်ငန်းများနှင့်အတူ သီးနှံများ အထွက်နှုန်းတိုးတက်ရေး အရည်အသွေး ကောင်းမွန်စေရေး ဈေးကွက်ခိုင်မာရေး ဈေးကောင်းရရှိရေး အပါအဝင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်လိုစိတ်ကို ထိရောက်စွာ မြှင့်တင်ပေးနိုင်မည့် တောင်သူ့အကျိုးစီးပွား ဖြစ်ထွန်းစေရေး အစီအမံများ ထည့်သွင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးများက လယ်ယာကဏ္ဍတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ ဌာနပိုင်အဆောက်အအုံများငှားရမ်းရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေး၊ နိုင်ငံ့ဝန်ထမ်းများ ပညာရှင်များ သုတေသီများနှင့် တောင်သူများအကြား စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်နိုင်ရေးအတွက် ဒီဂျစ်တယ်ဆက်သွယ် ရေးနည်းပညာကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေး တက်ရောက်လာကြသူများက ဆန်စပါးနှင့် ဆီထွက်သီးနှံအပါအဝင် အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး၊ စက်မှုကုန်ကြမ်းသီးနှံနှင့် ဈေးကွက်ရှိ သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးနှံအလိုက်စိုက်ဧကနှင့် အထွက်နှုန်းဆိုင်ရာ အခြေခံစာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန် ရေးဆိုင်ရာများကို တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်