ရန်ကုန် ၃ နိုဝင်ဘာ
စာပေဖန်တီးသူနှင့် ခံစားသူတို့၏ ရသအမြင်များ အပြန်အလှန် ဆွေးနွေးမေးမြန်းနိုင်ရန်၊ ရသစာပေများ ဖတ်ရှုခြင်းဖြင့် ကိုယ်ချင်းစာစိတ်များ တိုးပွားလာစေရန် ရည်ရွယ်ကျင်းပသည့် စာရေးသူများ၏ ရသစာဖတ်ဝိုင်းရာသီ(၂)ပွဲစဉ် (၃၁) ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရှိ ရွှေဥဒေါင်းခန်းမ၌ ကျင်းပရာ စာရေးဆရာ၊ ဆရာမများနှင့် ရသစာပေမြတ်နိုးသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရသစာဖတ်ဝိုင်းတာဝန်ခံ စာရေးဆရာ ကျော်ဇင်ကိုကို၊ စာရေးဆရာ အောင်ဇင်မင်းနှင့် စာရေးဆရာမ ဂျူးတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ထို့နောက် ရသစာဖတ်ဝိုင်း တင်ဆက်မှု ရသဝတ်မှုန်ကူးခြင်း အစီအစဉ်များအဖြစ် စာရေးဆရာမ ဂျူးရေးသားသည့် နာရီပြင်ဆရာ၏ အိမ်နီးချင်းဝတ္ထု၊ ချစ်ခြင်း၏ အနုပညာ ဝတ္ထု၊ တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့အခါ ဝတ္ထုတို့ကို တက်ရောက် လာသည့် စာရေးဆရာ၊ ဆရာမများက ဖတ်ကြားခဲ့ကြသည်။
ဆရာမဂျူး က``စာရေးဆရာ ဆရာမတွေက စာဖတ်ဝိုင်း လုပ်တာဖြစ်တဲ့အတွက် သာမန်စာဖတ်သူနဲ့ စာရေးဆရာ၊ စာဖတ်သူနဲ့ ကျွန်မရဲ့ ဝတ္ထုတွေကို မြင်တဲ့အမြင်ချင်း ဘာတွေကွာခြားသလဲ သိချင်မိတယ်။ ဆရာမ ယုဒါက စိတ်ဝင်တစားဖိတ်တာ။ ကျွန်မရဲ့ ဝတ္ထုတွေကိုလည်း ဖတ်မယ်ဆိုတာလည်း သိရတယ်။ တက်ရောက်လာတဲ့ ပရိသတ်တွေ ထဲကလည်း ဆွေးနွေးချင်တာတွေရှိရင် စာရေးသူနဲ့ တိုက်ရိုက်ဆွေးနွေးလို့ရတဲ့ အစီအစဉ်လည်းပါတော့ စိတ်လည်းဝင်စားတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ စာပေကို နှစ်သက်လို့ ဖတ်ခဲ့တယ်။ ခုခေတ်မှာ လူငယ်လေးတွေက နှစ်သက်လို့ ဖတ်တာထက် ဗဟုသုတနဲ့ ပတ်သက်တဲ့ ကျမ်း၊ စာပေ၊ သတင်း၊ သိပ္ပံပညာ စတာတွေဖတ်တယ်။ စာဖတ်ခြင်းနဲ့ပတ်သက်ပြီး အခြေခံအကျဆုံးပြောရရင် စိတ်ခံစားမှု၊ မွေ့လျော်မှု၊ နှစ်သက်မှု၊ စီးမျောမှု ဒါတွေက မရမဖြစ် ရကြတာပါ။ ဒါ့ကြောင့် စာဖတ်ခြင်းမှာ ရသလိုချင်လို့ ဖတ်တာရယ်၊ ဗဟုသုတရချင်လို့ ဖတ်တာရယ်ရှိပါတယ်။ စာဖတ်တဲ့သူက ဆင်ခြင်တတ်၊ တွေးတောတတ်၊ အမှားအမှန်ခွဲခြားတတ်တယ်။ အမှားအမှန် သိပြီဆိုရင်လည်း မလုပ်သင့် ထပ်ပြီးတော့ ခွဲခြားမယ်။ အဲဒီကနေ ကောင်းမှုနဲ့ မကောင်းမှုကို ခွဲခြားတတ်လာမှာ ဖြစ်ပါတယ်´´ဟု ပြောသည်။
သာကေတမြို့နယ်မှ မသင်းသင်းစိုးက ``ရသစာပေကို ပိုကြိုက်တယ်။ ပိုပြီး ခံစားနိုင်တယ်။ ဆရာမဂျူးရဲ့ fb page မှာ တင်ထားတာတွေ့လို့ ပထမဆုံးအကြိမ် လာဖြစ်တာပါ။ ဆရာမ မိုးမိုး(အင်းလျား)ပွဲမှာလည်း ဆရာမဂျူးဟောပြောတာ နားထောင်ဖြစ်တယ်။ အခုခေတ် စာအုပ်ကိုင်ပြီး ဖတ်တာနည်းလာကြတယ်။ ခုလိုအခမ်းအနားမျိုး များများလုပ်ပေးရင်တော့ ကောင်းပါတယ်´´ဟု ပြောသည်။
ရသစာဖတ်ဝိုင်း တာဝန်ခံစာရေးဆရာ ကျော်ဇင်ကိုကို က ``အမှတ်စဉ်(၁) ရသစာဖတ်ဝိုင်းကို ပထမဆုံး ဦးဆောင်တည်ထောင်ခဲ့ကြသူတွေက ဆရာရဲလျမ်း၊ မိချမ်းဝေ၊ နှင်းဝေငြိမ်းတို့ပါ။ ဆရာ ဆရာမတွေဆုံချိန်မှာ ရသစာဖတ်အားတွေ နည်းလာကြလို့ ရသစာပေ ရေးသားသူတွေက စာဖတ်သူတွေထံ အရောက်ပို့ဖို့လို့ဆိုပြီး ၂၀၁၃ သြဂုတ် ၁၈ မှာရန်ကုန်မြို့ ပန်းဆိုးတန်း ခုံးကျော်တံတားအောက်က လက်ဖက်ရည်ဆိုင်မှာ စခဲ့ပါတယ်။ ပုံမှန်က တနင်္ဂနွေနေ့ တစ်ပတ်ခြားတိုင်း လုပ်ခဲ့တယ်။ ပရဟိတဖောင်ဒေးရှင်း၊ မျက်မမြင်ကျောင်း၊ HIV ဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေထားတဲ့ဂေဟာ၊ စွန့်ပစ်ခံကလေးငယ်တွေထားတဲ့ ဂေဟာတွေနဲ့ အမျိုးသမီး စောင့်ရှောက်ပေးတဲ့ဂေဟာ အစရှိတဲ့နေရာတွေမှာ စာရေးဆရာတွေ ရရှိတဲ့စာမူခတွေကို လှူဒါန်းပြီး ကျင်းပခဲ့တာပါ။ ခုပွဲစဉ်က စလို့ဝတ္ထုတစ်ပုဒ်ကို ဇာတ်လမ်းအသွင်ပုံစံ ခင်းကျင်းပြီး လိုအပ်ရင် ဂီတအသံတွေပါ ထည့်ပြီးဖတ်ပါတယ်။ အခုလို ရွှေဥဒေါင်းခန်းမမှာ ကျင်းပခွင့်ပေးတဲ့အတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါတယ်´´ဟုပြောသည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများ၏ ဆွေးနွေးလိုသည့် မေးခွန်းများကို စာရေးဆရာမဂျူးက ဖြေကြားခဲ့ပြီး စာရေးသူများ၏ ရသစာဖတ်ဝိုင်းမှ တာဝန်ရှိသူ များက စာရေးဆရာမ ဂျူးအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။
သတင်း-မွန်းဦးနဒီ
ဓာတ်ပုံ-ဇော်မင်းလတ်


