ရန်ကုန် ၂၄ နိုဝင်ဘာ
စာပေဖန်တီးသူနှင့် ခံစားသူတို့၏ ရသအမြင်များကို အပြန်အလှန်ဆွေးနွေးနိုင်ရန် ရည်ရွယ် ကျင်းပသည့် စာရေးသူများ၏ ရသစာဖတ်ဝိုင်းရာသီ (၂)ပွဲစဉ် (၃၂)ကို ယနေ့မွန်းလွဲပိုင်းက သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရုံးချုပ် ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ရသစာဖတ်ဝိုင်းတည်ထောင်သူ စာရေး ဆရာမ မိချမ်းဝေ နှင့် ရသစာဖတ်ဝိုင်း တာဝန်ခံ စာရေးဆရာ ကျော်ဇင်ကိုကိုတို့က အမှာစကားပြောကြားကြပြီး စာရေးဆရာ မင်းခိုက်စိုးစန်နှင့် စာရေးဆရာ အရိုးတို့က မိတ်ဆက်စကား ပြောကြားကြသည်။
ထို့နောက် ရသစာဖတ်ဝိုင်းတင်ဆက်မှု၊ ရသဝတ်မှုန်ကူးခြင်းအစီအစဉ်များအဖြစ် စာရေးဆရာ မင်းခိုက်စိုးစန်ရေးသားသည့် အိပ်မက်ဖမ်းမုဆိုးနှင့် ကျွန်တော့်ကို အမေသတ်ခဲ့တယ် ရသဝတ္ထုနှစ်ပုဒ်နှင့် စာရေးဆရာအရိုးရေးသားသည့် မျောက်ပုံပြင် အသစ်စက်စက်နှင့် စက်ရုပ်ဆိုသည်မှာ ရသဝတ္ထုနှစ်ပုဒ်ကို တက်ရောက်လာကြသည့် စာရေးဆရာ ဆရာမများက ဖတ်ကြားကြသည်။
ရသစာဖတ်ဝိုင်းစီစဉ်သူ စာရေးဆရာမ ယုဒါက ``အခုလိုစီစဉ်တာက ရသစာပေ ပြန့်ပွားဖို့အပြင် စာပေဖန်တီးသူနဲ့ စာဖတ်သူတွေ တွေ့မြင်ဖူးစေချင်ပြီး ဆွေးနွေးမှုတွေ ရှိစေချင်တာကြောင့် စီစဉ်ဖြစ်တာပါ ´´ဟု ပြောသည်။
စာရေးဆရာ အရိုးက``ဒီရသစာဖတ်ဝိုင်းမှာဖတ်ဖို့ ရွေးချယ်ရာမှာ ကျွန်တော်က အတွေးစာစုတွေ ရေးတာများတယ်။ ဒီထဲကနေ စိတ်ခံစားမှုနဲ့အတွေးတစ်စုံတစ်ရာ ပေးနိုင်တဲ့ ဝတ္ထုတိုတွေကို ရွေးချယ်ခဲ့ပါတယ်။ လူငယ်တွေက အခုခေတ် လူမှုကွန်ရက် ပေါ်မှာ သတင်းအချက်အလက်ကို အဓိကဦးစားပေးကြတယ်။ တကယ်တမ်း ဘဝကို စိတ်ချမ်းသာစွာနဲ့ ဖြတ်သန်းသွားဖို့ဆိုရင် စိတ်ဓာတ်ခွန်အားကို ပေးနိုင်တာက စာပေတွေပါပဲ။ စာပေတွေက ရရှိနိုင်တာက သတင်းအချက်အလက်ထက် ပိုပြီးတန်ဖိုးရှိတယ်။ ဒါကိုပိုပြီး အလေးအနက်ထား စဉ်းစားစေချင်တယ်´´ဟုပြောသည်။
စာရေးဆရာ မင်းခိုက်စိုးစန် ကလည်း``ရသစာပေကိုဖတ်ပြီးရင်နှလုံးသားက ရင့်ကျက်လာပြီး လောကဓံတရားကြုံရတဲ့အခါ အေးအေးချမ်းချမ်းအောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ပါတယ်။ နှလုံးသားမရင့်ကျက်တဲ့အခါ အလွန်နာကျင်တတ်ကြပြီး လူ့ဘဝကို အရှုံးပေးသွားတတ်တာ တွေတောင် ရှိကြတယ်။ ဒီအခါ ခံနိုင်ရည်ရှိရှိဖြတ် သန်းနိုင်ဖို့ နှလုံးသားအရည်အသွေးတွေ ပြည့်ဝနေဖို့ လိုပါတယ်။ ဒါတွေကို စာအုပ် စာပေကောင်း တွေထဲမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဝတ္ထုနှစ်ပုဒ်ကို ရွေးချယ် ဖြစ်တာက ကျွန်တော့်ဘဝမှာ ရင်ထဲကို ထိထိခိုက်ခိုက်နက်ရှိုင်းစွာခံစားရပြီးမှ ဘဝအချိုး အကွေ့မှာ တွေ့ကြုံတဲ့အဖြစ်အပျက်တွေကို ဖန်တီးခဲ့လို့ အမှတ်တရအဖြစ် ရွေးချယ်လိုက်တာပါ´´ဟု ရသစာပေဖတ်ရှုခြင်းနှင့် ဝတ္ထုတိုရွေးချယ်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြောသည်။
ယင်းနောက် ရသစာဖတ်ဝိုင်းတက်ရောက်လာသူများ၏ ဆွေးနွေးလိုသည့် အကြောင်းအရာများကို စာရေးဆရာများက ပြန်လည်ဖြေကြားခဲ့ကြသည်။
သတင်း-မွန်းဦးနဒီ
ဓာတ်ပုံ-ဇော်မင်းလတ်


