ကိုယဉ်ချစ် (မန္တလေး)

 

စာရိတ္တဆိုတာ ကိုယ်ကျင့်တရား၊ အကျင့်လို့အဓိပ္ပာယ်ရပါတယ်။ လူတစ်ဦးမှာအရေးကြီးဆုံးက စာရိတ္တဆိုတဲ့ ကိုယ်ကျင့်တရားဖြစ်ပါတယ်။ လူ့ဘဝမှာ ရှင်သန်ရပ်တည်နေနိုင်ဖို့ လုပ်ရင်းကိုင်ရင်း ကြီးပွားလိုစိတ်တွေ လွန်ကဲလာတဲ့အခါ ကိုယ်ကျင့်တရားကို အလွယ်တကူ ချိုးဖောက်မိတတ်ကြပါတယ်။ လုပ်လို့ရမှန်းသိတဲ့အခါ မကောင်းမှန်း၊ မမှန်မှန်းသိလျက်နဲ့ ရှေ့ကိုအတင်းတိုးလုပ်ဆောင် တတ်ကြပါတယ်။ ကြာလာတော့ အကျင့်ဖြစ်သွားပါတယ်။ အကျင့်က စွဲမြဲသွားပြီဆိုရင်တော့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ဇာတ် ခင်းကြပါတော့တယ်။

 

မနက်ပိုင်း လမ်းလျှောက်ထွက်လာတော့ လမ်းထိပ်ရေမြောင်းတံတားအလယ်က သံနဲ့လုပ်ထားတဲ့မြောင်းဖုံးက မရှိတော့ဘူး။ ရပ်ကြည့်နေတုန်း ဘေးနားအိမ်က ကလေးမကပြောတယ်။ မနက်အစောကြီး အမှိုက်ကောက်တဲ့ သူတစ်ယောက် ဖြုတ်ပြီးထမ်းယူသွားတာတဲ့။ သူ့ကိုအန္တရာယ်ပြုမှာ စိုးရိမ်တော့ သူလည်းမပြောရဲဘူးတဲ့။ လောလောဆယ် လမ်းသွားလမ်းလာတွေ အန္တရာယ်ကင်းအောင် သစ်သားတို တစ်ချောင်းစိုက်ပြီး တိုင်ထိပ်မှာ ပလတ်စတစ်အိတ်တစ်လုံး ချည်ပေးထားခဲ့တယ်။ ယူသွားတဲ့သူကတော့ လမ်းသွားလမ်းလာတွေ အန္တရာယ်ဖြစ်မှာ မစိုးရိမ်ဘူး။ ဒီသံမြောင်းဖုံးကို သံထည်ပစ္စည်းအဟောင်း ဝယ်တဲ့ဆိုင်ကို  သွားရောင်းပြီး သူ့ဝမ်းရေးကို ဖြေရှင်းမယ်။

 

ကလေးသူငယ်ဘဝကတည်းက စာရိတ္တကောင်းမွန်အောင် အခြေခံတည်ဆောက်ပေး

 

ဒီလိုဖြစ်စဉ်မျိုးတွေ ဖြစ်ပွားရတဲ့အကြောင်းရင်းက စားဝတ်နေရေးအခက်အခဲတွေကို ရရာနည်းလမ်းနဲ့ လစ်ရင် လစ်သလို ဖြေရှင်းနေတာဖြစ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ လူအချို့မှာ အကျင့်စာရိတ္တမဏ္ဍိုင်တွေ ယိမ်းယိုင်ပျက်စီးလာနေတာ ထင်ရှားလာပါတယ်။ စာရိတ္တမဏ္ဍိုင်တည့်မတ် ထိန်းကျောင်းပေးတဲ့ အလုပ်တွေကို ချက်ချင်းလက်ငင်း ဆောင်ရွက်လို့မရပါဘူး။ တစ်ဦးကောင်း တစ်ယောက်ကောင်းလည်း ဆောင်ရွက်လို့ မရပါဘူး။ ငယ်စဉ်ကျောင်းနေအရွယ် ကလေးသူငယ်ဘဝကတည်းက စာရိတ္တကောင်းမွန်အောင် အခြေခံ တည်ဆောက်ပေးကြရပါမယ်။ ကလေးတွေနဲ့ အနီးကပ်ဆုံးရှိနေတဲ့ မိဘတွေ၊ ဆရာတွေက ပညာ သင်ပေးတာအပြင် အကျင့်စာရိတ္တ ကောင်းမွန်တဲ့ လူတော်လူကောင်းတွေဖြစ်လာအောင် တည့်မတ်ပေးရမှာ ဖြစ်သလို ပတ်ဝန်းကျင်တွေကလည်း ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရမှာပါ။

 

စာရေးသူတို့မူလတန်းပညာ စပြီးသင်ယူတော့ ဆရာ ဆရာမတွေက ကျောင်းစာတစ်ခုတည်းကိုသာ သင်ပေးတာ မဟုတ်ဘဲ လိမ္မာယဉ်ကျေးအောင်၊ အကျင့်စာရိတ္တကောင်းအောင်၊ ပညာတတ်တွေဖြစ်အောင်၊ စည်းကမ်းရှိရှိ နေတတ်အောင်၊ အများနဲ့ပူးပေါင်းဆောင်ရွက်တတ်အောင် သွန်သင်ဆုံးမမှုတွေအောက်မှာ စတင် သင်ယူခဲ့ရတာကို ပြန်ပြီးအမှတ်ရမိပါတယ်။

 

ရဟန်းသံဃာတော်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မိဘတွေ၊ ဆရာတွေရှေ့ကဖြတ်သွားရင် လက်အုပ်လေးချီ ကန်တော့ကန်တော့ဆိုပြီးမှ သွားရတယ်။ ကျောင်းစာအပြင် အိမ်တွင်းလက်မှုပညာအခြေခံတွေ သင်ပေး၊ အသိပညာ ဗဟုသုတရစေမယ့် ပုံပြင်တွေပြောပြ၊ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာတွေပါ လိမ္မာယဉ်ကျေးအောင် သင်ပေးခဲ့ကြပါတယ်။ အကျင့်စာရိတ္တကောင်းအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ သတ္တိရှိအောင်၊ လူတော် လူကောင်းတွေဖြစ်အောင် ကျောင်းစာပြင်ပမှာ သင်ယူခွင့်ရခဲ့လို့ ဘဝတစ်သက်တာ အထောက်အကူတွေ ဖြစ်ခဲ့ပါတယ်။

 

ခေတ်ကာလ ပြောင်းလဲလာတဲ့အချိန်မှာ မိမိတို့ခေတ်ကာလနဲ့ နှိုင်းယှဉ်ကြည့်ရင် အများကြီး ပြောင်းလဲကုန်ပါပြီ။ မျက်မှောက်ကာလမှာ လူငယ်လူရွယ်ပိုင်းတွေရဲ့ အပြောအဆို၊ အနေအထိုင်၊ ဆက်ဆံရေးတွေကအစ လုံးဝပြောင်းလဲနေပါပြီ။ ပြောင်းလဲမှုတွေနဲ့အတူ နည်းပညာပိုင်းအသုံးပြုရတဲ့ ပစ္စည်းတွေကလည်း ပေါ်လာပြန် ပါတယ်။ နည်းပညာပိုင်းဆိုင်ရာဆိုတာတွေက မီးလိုပါပဲ။ အသုံးချတတ်ရင် ကောင်းကျိုးခံစားရသလို အသုံးချ တာ လွဲချော်သွားရင် ဆိုးကျိုးတွေ ခံစားကြရမှာပါ။

 

နည်းပညာတွေကို တလွဲအသုံးချမိကြတာ

 

တိုးတက်မှုနဲ့ ဆုတ်ယုတ်မှုဆိုတာ ဒွန်တွဲနေတတ်တာကို သတိမူကြရမှာဖြစ်ပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာတွေကို မှန်မှန်ကန်ကန် အသုံးချနိုင်ရင် အရည်အသွေး၊ အရည်အချင်းတွေ တိုးတက်လာမှာ မှန်ပေမယ့် တလွဲအသုံးချမိရင် ဘေးထွက်ဆိုးကျိုးတွေ အများကြီးခံစားကြရမှာပါ။ အချို့က နည်းပညာတွေကို တလွဲအသုံးချမိကြတာ လွန်ကဲလာတဲ့အခါ စိတ်ဓာတ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်း၊ အကျင့်သီလပိုင်းတွေ လျော့ကျနိမ့်ပါးလာတာ သတိမမူနိုင်ကြတော့ပါဘူး။ ယဉ်ကျေးသိမ်မွေ့လှတဲ့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ မကြားဖူး၊ မမြင်ဖူး၊ မကြုံဖူးတာတွေ လက်ငင်းကာလမှာ မြင်တွေ့နေရ ပါတယ်။ မလုပ်သင့်တာတွေလုပ်ကြ၊ မပြောသင့်တာတွေ ပြောကြနဲ့ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် ဆက်ဆံရေးတွေကအစ မကောင်းတဲ့ပြောင်းလဲမှု တွေကို မြင်တွေ့ခံစားနေကြရပါတယ်။ မြန်မာလူမျိုးတွေရဲ့ စာရိတ္တမဏ္ဍိုင်ကြီး ယိမ်းယိုင်နေပြီဆိုတာ သတိမူကြရမှာဖြစ်ပါတယ်။

 

ဒီလိုဖြစ်လာတဲ့ကာလဟာ လွန်ခဲ့တဲ့ဆယ်စု နှစ် အနည်းငယ်ကတည်းက ဖြစ်ပါတယ်။ ကောင်းတာတွေရှိခဲ့သလို မကောင်းတဲ့ဆိုးကျိုးတွေ က မြန်မာ့လူနေမှုစနစ်ကို ထဲထဲဝင်ဝင်အတွင်းထိလှိုက်စားနေတယ်လို့ ခံစားမိပါတယ်။ အဓိက အကြောင်းကတော့ အခြေခံအကျဆုံး ငယ်စဉ်ကလေးဘဝကတည်းက အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုတွေ အားနည်းလာတာဖြစ်တယ်လို့ ယူဆပါတယ်။

 

ရက်ရှည်ကျောင်းပိတ်ရက်တွေမှာ အခြေခံ ကျတဲ့ လောကနီတိတွေ၊ (၃၈) ဖြာမင်္ဂလာတွေ၊ ဆုံးမ စာတွေ စတဲ့ အသိပညာတွေ၊ ယဉ်ကျေးလိမ္မာ သင်တန်းတွေကို လူငယ်ထုအတွင်းမှာ ယဉ်ကျေးလိမ္မာအောင် ထိထိရောက်ရောက် သင်ကြားပေးကြရမှာဖြစ်ပါတယ်။ လောကနီတိတွေ၊ (၃၈) ဖြာမင်္ဂလာ တွေ၊ ဆုံးမစာတွေနဲ့ အလှမ်းဝေးသွားရင် ကိုယ်ကျင့်တရား၊ နိုင်ငံနဲ့လူမျိုးအပေါ် ချစ်မြတ်နိုးမှု၊ ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်လိုစိတ်တွေဟာ တဖြည်းဖြည်းချင်း နိမ့်ကျသွားမှာဖြစ်ပါတယ်။ ဒါတွေကို ဆရာ၊ မိဘနဲ့ ပတ်ဝန်းကျင်တွေက တည့်မတ်ထိန်းကျောင်းပေးကြဖို့ လိုပါတယ်။

 

ကလေးအရွယ်ဆိုတာ ပြုပြင်ရနိုင်တဲ့ ရွှံ့ရုပ်လေးနဲ့တူ

 

“သားသမီးငယ်က၊ မဆုံးမသော်၊ မိဘတစ်လည်၊ ရန်သူမည်၏” ဆိုစကားအတိုင်း ကလေးအရွယ် လူမမည်ဘဝကပင် ညွှန်ပြသွန်သင်ပြီး မကောင်းမြစ်ထာ ကောင်းရာမပြုပြင်ပေးပါလျှင် ကြီးပြင်းလာသော ကာလတွင် စိုးရိမ်ပူပန်ရမှာ မလွဲဧကန်ဖြစ်ပါတယ်။ ကလေးအရွယ်ဆိုတာ ပြုပြင်ရနိုင်တဲ့ ရွှံ့ရုပ်လေးနဲ့ တူပါတယ်။ ဒီရွှံ့ရုပ်လေးကို စတင်ထုဆစ်စဉ်ကပင် အမြင်မတင့်တယ်တဲ့အပိုင်းကို မပြုပြင်မိပါက ရွှံ့ခြောက်သွားမှ ပြုပြင်လို့မရနိုင်တော့ကြောင်းကို ဟံသာဝတီဆုံးမစာမှာ မှတ်သားဖူးပါတယ်။

 

ငယ်စဉ်ဘဝကတည်းက စာရိတ္တခိုင်မာအောင် လုပ်ဆောင်ပေးမှုတွေ အားနည်းလာတဲ့အခါ လူငယ်တချို့ဟာ အမှန်တရားစစ်စစ်ကို ရှာမတွေ့ကြ၊ ရိုးသားမှုကို ဂုဏ်ယူလိုစိတ်တွေပျောက်၊ ကိုယ်ကြီးပွားဖို့သာ အဓိကထား၊ ကိုယ်ချင်းစာစိတ်တွေ ပျောက်ကုန်ကြပါတယ်။ မရိုးသားမှုနဲ့ အကျိုးဖြစ်ထွန်းမှုတွေကို အမှန်ထင်ပြီး ရှေ့ကိုဆက်တိုး နေကြတဲ့အတွက် ပစ္စုပ္ပန်ကာလမှာ အများစုက ဆိုးကျိုးတွေ ခံစားရပါတော့တယ်။ မပြုပြင် မထိန်းကျောင်းနိုင်ဘဲ ရှေ့ဆက်တိုးနေကြရင် အနာဂတ် အတွက် ရင်လေးစရာကောင်းလှပါတယ်။ မရိုးသား မှုနဲ့ အောင်မြင်နေတဲ့သူတွေကတော့ မရိုးသားမှုရဲ့ စေတနာအကျိုးပေးတွေ ထင်ရှားလာပြီဆိုရင် အထိနာ တတ်တယ်ဆိုတာ  သတိမူကြရပါမယ်။ ဒီမရိုးသားမှုကို ခုံမင်လာတဲ့ အခြေခံဇာစ်မြစ်ကတော့ အကျင့်စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်တာကြောင့် ဖြစ်ပါတယ်။ မခိုင်မာတဲ့စာရိတ္တမဏ္ဍိုင်ပေါ်မှာ ရပ်တည်ပြီး အမှန်ကိုအမှားထင်၊ အမှားကို အမှန်ထင် ကိုယ်ပိုင်အသိဉာဏ်တွေ နည်းပါးလာပြီး မကောင်းမှုအကုသိုလ်တွေကို ကျူးလွန်ကြပါတယ်။

 

မျက်မှောက်ကာလမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍစုံမှာ တိုးတက်မှုတွေရှိသလို ဆုတ်ယုတ်မှုတွေကို ဒွန်တွဲကြားသိမြင်တွေ့နေကြရပါတယ်။ ခေတ်ကာလတစ်ခုရဲ့ အရွေ့တစ်ခုလို့ဆိုပေမယ့် မကောင်း တဲ့ရလဒ်တွေကို ပြည်သူအများစုကပဲ ခံစားရပါတယ်။

 

ကိုယ်ချင်းစာနာစိတ်လေးနဲ့ လွန်ကဲတဲ့အတ္တတွေကိုလျှော့

 

ဒီခေတ် ဒီကာလမှာ စာရိတ္တချို့ယွင်းသူတွေက တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး အမြတ်ထုတ်နေကြတာတွေကိုလည်း မြင်တွေ့နေရ ပါတယ်။ တချို့ကိစ္စတွေက ပြည်သူအများနဲ့ တိုက်ရိုက်မဆက်နွှယ်ဘူးဆိုပေမယ့် သွယ်ဝိုက်တဲ့ နည်းနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝကို ထိခိုက်နေပါတယ်။ ကိုယ်ချင်းစာနာစိတ်လေးနဲ့ လွန်ကဲတဲ့အတ္တ တွေကိုလျှော့ပြီး စာရိတ္တတွေကို တည့်မတ်ပြုပြင်ရပါမယ်။

 

အချို့က လိုတာမရရင်၊ ဖြစ်ချင်တာမဖြစ်ရရင် ဆင်းရဲတယ်လို့ဆိုကြပါတယ်။ တကယ်တော့ မရနိုင်တာကို လိုချင်နေတာ၊ မဖြစ်နိုင်တာကိုဖြစ်အောင် ဇွတ်အတင်းလုပ်နေတာတွေကသာ ဆင်းရဲနေတာဖြစ်ပါတယ်။ ကိုယ်က အခြေအနေကောင်းပြီဆိုပြီး မတော်လောဘတွေနဲ့ ကြီးပွားချမ်းသာအောင် လုပ်နေပေမယ့် ပြည်သူအများရဲ့ ခံစားချက်တွေကို နားစွင့်ပြီး ကိုယ်ချင်းစာနာစိတ်နဲ့ ဆင်ခြင်လုပ်ကိုင်သင့်ပါတယ်။ မှားနေမှန်းသိပေမယ့် အမှားကခံစားနေရတဲ့ အစာတွေကို အရသာတွေ့ပြီး မတရားဆက်စားနေရင်တော့ စားပိုးနင့်တဲ့ဒုက္ခကို ပြန်ပြီးခံစားရပါလိမ့်မယ်။ ကိုယ်ကျင့်သီလ၊ အကျင့်၊ စာရိတ္တတွေ ယိမ်းယိုင်နေရင် မိမိဂုဏ်သိက္ခာကို ထိန်းပြီး တည့်မတ်ပြုပြင်ပေးရပါမယ်။

 

စာရိတ္တဆိုတာကတော့ အခြေခံကျတဲ့ ငယ်ရွယ်စဉ်ဘဝမှာ ကျင်လည်ရပ်တည်ခဲ့ရတဲ့ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ကောင်းတယ်၊ မကောင်းဘူးဖြစ်လာရတာပါ။ ငယ်စဉ်ဘဝ ကတည်းက စာရိတ္တကောင်းတဲ့ လူငယ်လူရွယ်တွေကို မွေးထုတ်ပေးနိုင်မယ်ဆိုရင် အနာဂတ်ရဲ့ အရေးများစွာဟာ တိုးတက်အောင်မြင်ပါလိမ့်မယ်။ သစ်ပင်တစ်ပင်ကို လိုသလိုပုံသွင်းချင်ရင် နုနယ်တဲ့ အရွယ်ကတည်းက ပြုပြင်ရပါမယ်။ ပင်စည်တွေ၊ အကိုင်းအခက်တွေ ကြီးရင့်မှ ပြုပြင်မယ်ဆိုရင်တော့ မလိုအပ်တဲ့နေရာတွေကို ခုတ်ထစ်ဖြတ်တောက် ပြုပြင်မှရပါမယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့အနာဂတ်ဖြစ်တဲ့ လူငယ်လူရွယ်တွေကို ငယ်စဉ်ကတည်းက စာရိတ္တမဏ္ဍိုင် တည့်မတ်ခိုင်မာအောင် လုပ်ဆောင် ပေးကြရမှာဖြစ်ပါတယ်။

 

မိသားစုတစ်စုမှာဖြစ်ဖြစ်၊ မြို့ပြတွေမှာဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံမှာဖြစ်ဖြစ် စာရိတ္တကောင်းတဲ့ လူတွေ နဲ့သာ ပေါင်းစည်းနေထိုင်နိုင်ရင် အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောတဲ့ လူနေမှုဘဝကို ပိုင်ဆိုင် နိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် စာရိတ္တမဏ္ဍိုင် တည့်မတ်ခိုင်မာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။ မျက်မှောက်ကာလမှာ ချည့်နဲ့ယိမ်းယိုင်လာတဲ့ စာရိတ္တမဏ္ဍိုင်ကြီးကို အနာဂတ်ကာလများစွာအထိ တည့်မတ် ခိုင်မာနေအောင် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းထိန်းကျောင်း သွားကြဖို့ တိုက်တွန်းတင်ပြလိုက်ရပါတယ်။