၁၁  ဇွန်

 

“ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိ လိုက်စားမှုတွေကို စနစ်တကျတိုက်ဖျက်သွားပြီး ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ယခုနှစ် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပခဲ့သည့် ကတိသစ္စာပြုပွဲ အခမ်းအနား၌ နိုင်ငံတော် သမ္မတကြီးက ပြောကြားထားသည်။

 

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အတည်ပြုပြဋ္ဌာန်းပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ဥပဒေအာဏာတည်သည့် အချိန်မှစ၍ အဂတိလိုက်စားမှုများကို အရေးယူ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အသစ်ကို ထပ်မံဖွဲ့စည်းပြီးနောက် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ အဂတိလိုက်စားမှု တိုင်ကြားစာများအပေါ် ပိုမို၍ ထိထိရောက် ကိုင်တွယ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

 

အဂတိလိုက်စားခြင်းသည် လူတစ်ဦးချင်းအလိုက်သာမက လူ့ပတ်ဝန်းကျင်၏ ကိုယ်ကျင့်သိက္ခာကိုပါ ပျက်စီးစေသည့် ရောဂါဆိုးကြီးသဖွယ် ဖြစ်နေသည်ကို မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်လည်း ကြုံတွေ့နေကြရပါသည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဘက်စုံးစစ်ပွဲ တစ်ခုကဲ့သို့ သတ်မှတ်ပြီး ဘက်ပေါင်းစုံတွင် တိုက်ပွဲဝင်ရန် အတွက် ပြင်ဆင်ဆောင်ရွက် လုပ်ကိုင်နေသည် ဟု သိရသည်။

 

အဂတိလိုက်စားခြင်းဆိုသည်မှာ တံစိုးလက်ဆောင်ယူခြင်း ဖြစ်သည်။ တံစိုးလက်ဆောင်ဟု ဆိုရာတွင် ငွေကြေးသာမက ပစ္စည်း၊ လက်ဆောင်တို့အပြင် ဝန်ဆောင်မှုပေးခြင်းနှင့် ဧည့်ခံပြုစုမှု ခံယူခြင်းတို့ပါ ပါဝင်ပါသည်။ ယင်းအချက်များကို လုပ်ပိုင်ခွင့် အာဏာရှိသူများ အနေဖြင့် သိရှိထားသင့်သည်။  အဂတိလိုက်စားခြင်းသည် လာဘ်ပေး၊ လာဘ်ယူခြင်း ဖြစ်၍ ပေးသူရော၊ ယူသူပါ အပြစ်ရှိသဖြင့် မိမိတို့အကျိုးစီးပွားအတွက် တံစိုးလက်ဆောင်ပေးခြင်းကို သတိပြု ရှောင်ကြဉ်သင့်သည်။

 

အဂတိလိုက်စားကြောင်း ခိုင်လုံသော အထောက်အထားရှိပါက မည်သူ့ကိုမဆို ရာထူးကြီး၊ ငယ် မရွေး အရေးယူ ဆောင်ရွက်သည်ကို လက်တွေ့မြင့်တွေ့နေရပါသည်။ သတိပြုသင့်သည့် အချက်မှာ နစ်နာသူ သို့မဟုတ် ကိုယ်တိုင်မြင်တွေ့ သိရှိသူတို့အနေဖြင့် တိကျခိုင်လုံသော အထောက်အထားဖြင့် တိုင်ကြားရမည်ဖြစ်သည်။ တာဝန်ယူမှု ခင်းမဲ့သော ပြောကြားချက်များဖြင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ဂုဏ်သိက္ခာ ပျက်စေရန်၊ နစ်နာစေရန် ရည်ရွယ်၍ တိုင်ကြားမည် ဆိုပါက ပုဒ်မ ၅၉ အရ မမှန်မကန် တိုင်တန်းမှုအဖြစ် အရေးယူခြင်း ခံရနိုင်သည်ကိုလည်း သတိပြုသင့်သည်။

 

ယခုအခါ အဂတိလိုက်စားမှုများအား ထိထိရောက်ရောက်ကိုင်တွယ် အရေးယူဆောင်ရွက်နေသည်ကို မြင်တွေ့နေရပြီး မျှော်မှန်းထားသည့်  ၂၀၁၉ ခုနှစ်အကုန်ပိုင်းတွင် အဂတိလိုက်စားမှု ရောဂါဆိုးကြီးကို ပြည်သူလူထု အနေဖြင့် ခံစားခြင်းမှ အတော်အတန် သက်သာမှုရနိုင်မည်ဟု ယုံကြည်ထားသည်။ ယခုအခါ ကော်မရှင်သစ် ဖွဲ့စည်းပြီးနောက် ယခုနှစ် မေလအထိ တိုင်ကြားစာပေါင်း ၃၈၉၈ စောင် လက်ခံရရှိခဲ့ပြီး ၃၀၄၅ စောင့် စိစစ်ဆောင်ရွက်ပြီးကြောင်း အားရဖွယ် တွေ့ရှိရသည်။

 

သို့ဖြစ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် အစိုးရဌာနအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ၊ သတင်းမီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး စိတ်အား ထက်သန်စွာဖြင့် ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ