နေပြည်တော် ၂၈ ဇူလိုင်

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတ ီအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ဤကော်မတီသည် စတင်ဖွဲ့ စည်းသည့် ၂၀၁၆ ခုနှစ်မှ ယခုအချိန်အထိ အစည်းအဝေး ၆ ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါသည်။ ဤအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများအပြင် အခြားသက်ဆိုင်သူများပါ တက်ရောက်ကြသည်။

ဤအစည်းအဝေးတွင် ဒုတိယသမ္မတက စာရင်းအင်းအချက် အလက်မှန်ကန်ရေးသည် ဖြိုးပြီးနိုင်ငံများအပါအဝင် ဖြိုးဆဲနိုင်ငံများအတွက် အလွန်အရေးပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် အရည်အသွေး ပြည့်ဝမှသာလျှင် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လူမှုစီးပွားသုတေသနဆောင်ရွက် သူများအားလုံးအတွက် ချမှတ်သည့် ဖြိုးမှုမူဝါဒများ၊ စီမံကိန်းများ၊ စီးပွားရေး ဝန်းကျင်ကောင်းများကို ဖန်တီးနိုင်မည့် မူဝါဒများအတွက် ထည့်သွင်း စဉ်းစားနိုင်မည့် အချက်များကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မူဝါဒပြင်ဆင်ရန်ရှိသည်များကို ပိုမိုကောင်းမွန်စေရန် ပြန်လည် ပြင်ဆင်နိုင်မှုများလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်း အချက်အလက်များအပေါ် အခြေခံ၍ ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်မှသာ အရှုံးဖြစ်ပေါ်နိုင်မှုနှင့် စွန့်စားရမှု (Risk Management) တို့ကို စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။

မြန်မာနိုင်ငံတွင် စိတ်ချယုံကြည်ကိုးစားရသည့် စာရင်းအင်းများ လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ယနေ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံ သူများ၊ နိုင်ငံတကာအစိုးရများက ဖတ်ရှုလေ့လာကြရသည့် ကမ္ဘာကျော် စီးပွားရေးစာစောင်များတွင် အာဆီယံနိုင်ငံများမှ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ စသော နိုင်ငံများ၏ အချက်အလက်များ ပုံမှန်ဖော်ပြသော်လည်း ကျန်နိုင်ငံများ ပါဝင်ခြင်းမရှိသည်ကို တွေ့နိုင်ပါသည်။ စီးပွားရေး အချက်အလက်များအဖြစ် ယေဘုယျ ဖော်ပြလေ့ရှိသော GDP ဖွံ့ဖြိုးနှုန်း၊ စက်မှုထုတ်ကုန် အညွှန်းကိန်း၊ စားသုံးသူ အညွှန်းကိန်း၊ အလုပ်လက်မဲ့နှုန်း၊ စာရင်းရှင်လိုငွေနှင့် ဘတ်ဂျက်အချိုး၊ အတိုးနှုန်း၊ ငွေလဲနှုန်း၊ ဈေးကွက်အတက်အကျ အညွှန်းကိန်း စသည့် အညွှန်းကိန်းများအပြင် အခြားသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ပုံမှန်ဖော်ပြနိုင်ရန် လိုအပ်ပါသည်။ သို့မှသာ နိုင်ငံတကာရင်းနှီး မြှုပ်နှံသူများသာမက ပြည်တွင်းပေါ်လစီ ချမှတ်သူများအတွက်ပါ အထောက်အကူရမည်ဖြစ်ပါသည်။

ယခု တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရင်းနှီးမြှုပ်နှံလိုသူများအတွက် Cost of Doing Business in Myanmar Survey Report 2018  ကို ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ရုံးမှ ထုတ်ပြန်ခဲ့ရာ ဤသည်မှာ ဒုတိယအကြိမ်ဖြစ်ပါသည်။ ဤသို့ လေ့လာဆန်းစစ်ထားသော အချက်အလက်များကို ထုတ်ဝေပေးခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များသာမက ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များအတွက်ပါ အကျိုးရှိစေမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကုန်ကျစရိတ်ကို မိမိဆောင်ရွက်လိုသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တိုက်ရိုက်သွားရောက် စုံစမ်းစရာမလိုဘဲ အကြမ်းဖျင်းသိရှိစေနိုင်မည် ဖြစ်ပါသည်။ ယခုနှစ် မေလနှင့် ဇွန်လ နှစ်လအတွင်း မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ၂၅၄ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်ထားပြီး အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၇၁ သန်းကျော်ဖြင့် ဒုတိယအများဆုံး မြှုပ်နှံထားရာ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ကိုင်ရလွယ်ကူမှုနှင့် စာရင်းအင်း အချက်အလက် အရည်အသွေးတွင် တိုးတက်မှုရှိလာသည် ဟုလည်း ဆိုနိုင်ပါသည်။

ထို့ကြောင့် အဆိုပါအစည်းအဝေး၌ ဒုတိယသမ္မတ မှာကြားသကဲ့သို့ စာရင်းအင်းအချက်အလက်များ မှန်ကန်စေရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်း၊ စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးအတွက် ကွန်ရက်တည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများနှင့် Statistics Literacy အား မူဝါဒအားဖြင့် အထူး အာရုံစိုက်ခြင်းနှင့် စာရင်းအင်းဥပဒေ ပြဋ္ဌာန်းသက်ရောက်မှုရှိစေရေး စသည့် အရင်းအနှီးများ စိုက်ထုတ်ဆောင်ရွက်ရန် အရေးကြီးလှပါကြောင်း တင်ပြရပါသည်။

မြန်မာ့အလင်း