နေပြည်တော် ဧပြီ ၂၆
စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာန ပါမောက္ခနှင့် မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်း ဒုတိယဥက္ကဋ္ဌ တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက စာရင်းအင်း အချက်အလက်မှန်ကန်ရေးသည် နိုင်ငံတိုင်းအတွက် အလွန်အရေးပါပြီး နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုး တိုးတက်ရန်နှင့် အမျိုးသား စာရင်းအင်းစနစ် ခိုင်မာ အားကောင်း ရန် အထူးလိုအပ်ကြောင်း၊ အရည်အသွေး ပြည့်ဝသော စာရင်းအချက်အလက်များ ရရှိခြင်းဖြင့် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လူမှုစီးပွား သုတေသန ဆောင်ရွက်သူများအနေဖြင့် ဖွံ့ဖြိုးမှုမူဝါဒများ၊ စီမံကိန်းများ၊ စီးပွားရေးဝန်းကျင် ကောင်းများကို ချမှတ်ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အကန့်အသတ်ဖြင့်ရှိနေသည့် အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စာရင်းအင်းကဏ္ဍသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အဆင့်တိုင်းတွင် မရှိမဖြစ်လိုအပ်သည့်အတွက် တိုးတက်ပြောင်းလဲနေသော နည်းပညာများ၊ နည်းစနစ်များနှင့် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း။
မိမိတို့နိုင်ငံတွင် ကျင့်သုံးနေသည့် စာရင်းအင်းစနစ်သည် ဗဟိုထိန်းချုပ်မှု လျှော့ချသည့် စာရင်းအင်းစနစ် ဖြစ်သဖြင့် စာရင်းအင်းအချက်အလက်များ ပြည့်စုံစွာ စုစည်းတွက်ချက် ထုတ်ပြန်နိုင်ရန် ဗဟိုစာရင်းအင်းအဖွဲ့ တစ်ခုတည်းသာမက အမျိုးသားစာရင်းအင်းစနစ်တွင် ပါဝင်ပတ်သက်သူများ အနေဖြင့်လည်း စာရင်းအင်းနှင့် သက်ဆိုင်သည့် ဌာန/အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရန် အထူး လိုအပ်ကြောင်း။
စားသုံးသူဈေးဆနှုန်း တွက်ချက်ရာတွင် ပါဝင်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ခေတ်စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် အခြေခံနှစ်ကို ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်သို့ ပြောင်းလဲတွက်ချက်ရန် ဆောင်ရွက်လျက်ရှိရာ Timeline အတိုင်း ပြီးစီးအောင် ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးရေးတွင် အလွန်အရေးပါပြီး ခိုင်မာ၍ ယုံကြည်ကိုးစားနိုင်သော မြေပြင်စာရင်းအင်း အချက်အလက် မှန်များဖြစ်စေရန်၊ အချိန်နှင့်တပြေးညီဖြစ်ရန်နှင့် ရှေ့နောက်ညီညွတ်မှုရှိရန် ဝန်ကြီးဌာနများအကြား၊ ပြည်ထောင်စုနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအကြား စာရင်းအင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားကို အချိတ်အဆက်မိမိ အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်ကြရန် ပြောကြား သည်။
ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူး ချုပ် ဉီးထွန်းဇော် က စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့်အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ ပြန်လည် ဖွဲ့စည်းမှု၊ ဗဟိုကော်မတီအစည်းအဝေး ၁/၂၀၂၁ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ စာရင်းအင်းကဏ္ဍ အလိုက် လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်မှု၊ စားသုံးသူဈေးဆနှုန်း နှင့် ငွေကြေးဖောင်းပွမှုနှုန်း တို့ကို ၂၀၁၂ ခုနှစ် အခြေခံ နှစ်မှ ၂၀၁၇ ခုနှစ် အခြေခံနှစ်သို့ ပြောင်းလဲတွက်ချက် မှု၊ စာရင်းအင်းဆိုင်ရာ အသိပညာ မြှင့်တင်မှု၊ အစည်းအဝေးများကျင်းပမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများ၊ စစ်တမ်းများ ကောက်ယူမှုနှင့် Survey Calendar ၊ စာရင်းအင်းစာစောင်များ ထုတ်ပြန်မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက စာရင်းအင်း အချက်အလက် မှန်ကန် ရေးနှင့် အရည်အသွေးပြည့်ဝရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက်ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)