နေပြည်တော် ဇန်နဝါရီ ၂၁
စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၄-၂၀၂၅)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာန ပါမောက္ခ၊ မြန်မာနိုင်ငံစာရင်းအင်းပညာအသင်းဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ စီးပွားရေးတွင် လယ်ယာ၊ သားငါး၊ စက်မှုစသည့် ထုတ်လုပ်မှုကဏ္ဍများ၏ စာရင်းများတိကျမှန်ကန်မှုရှိရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ဧက၊ ရိတ်သိမ်း ဧက၊ အထွက်နှုန်း၊ စားသုံးမှု၊ ပြည်ပတင်ပို့မှု၊ လက်ကျန်ပမာဏစသည့် စာရင်းအင်းကိန်းဂဏန်းများသည် အမှန်တကယ် မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ ထို့အတူ ပြည်ပကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ငွေကြေးနှင့် လူမှုရေးဆိုင်ရာ စာရင်းများအားလုံး ပြည့်စုံမှန်ကန်မှသာ နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို မှန်ကန်စွာ တွက်ချက်နိုင်မည်ဖြစ်ပြီး နှစ်အလိုက် အမျိုးသားစီမံကိန်းများ၊ ရည်မှန်းချက်များကို ထိရောက်အောင်မြင်စွာရေးဆွဲချမှတ် အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(ကုန်ထုတ်လုပ်မှု)စစ်တမ်းကို နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာအတွင်း ကောက်ယူခဲ့ကြောင်း၊ နိုင်ငံ၏ MSMEs ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးနိုင်ရေး၊ MSMEs နှင့် ပတ်သက်သည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အတွက် စစ်တမ်းရလဒ်များသည် မှန်ကန်ပြည့်စုံမှုရှိရမည် ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်ရှိဖြစ်ပေါ်နေသော အခြေခံစားသောက် ကုန်ပစ္စည်း ဈေးနှုန်းများ၊ ဈေးကွက်အတွင်း ကုန်စည်စီးဆင်းမှု၊ စိုက်ပျိုးထုတ်လုပ်မှု၊ အထွက်နှုန်း၊ စားသုံးမှု၊ လက်ကျန်စသည့် ကိန်းဂဏန်း အချက်အလက်များ ကောက်ယူတင်ပြရာတွင် မှန်ကန်မှုရှိရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူရာတွင် သက်ဆိုင်ရာ ဌာနအလိုက် အခြေခံစာရင်များရှိမှသာ ပျက်စီးဆုံးရှုံးမှုစာရင်းနှင့် တန်ဖိုးများကို ပြုစုတွက်ချက် နိုင်မည်ဖြစ်၍ ဌာန၊ အဖွဲ့အစည်းအားလုံးက အခြေခံစာရင်းများကို ပြည့်စုံမှန်ကန်စွာ ပြုစုထားရန်နှင့် ပုံမှန် Update ပြုလုပ်ရန်လိုအပ်ကြောင်း၊ ကောက်ယူရာတွင်လည်း တူညီသည့် Format နှင့် စာရင်းများကောက်ယူပြီး One Mechanism, One Data, One Source ဖြစ်စေရေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ချက်ချင်း၊ ကာလတို၊ ကာလလတ်နှင့် ကာလရှည် အစီအမံများရေးဆွဲ အကောင်အထည်ဖော် နိုင်ရန်အတွက် ပျက်စီးဆုံးရှုံးမှု စာရင်းအင်း အချက်အလက်များ ပြည်စုံမှန်ကန်ရေးသည် အရေးကြီးကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က စာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီ အစည်းအဝေး ၁/၂၀၂၃ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ စာရင်းအင်းကဏ္ဍအလိုက် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာသူများက စာရင်းအင်း အချက်အလက်မှန်ကန်ရေး၊ အရည်အသွေးပြည့်ဝရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


