မကွေး ၁၃ စက်တင်ဘာ
မကွေးတိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများအား လုံလောက်သောအကာအကွယ်များပေးနိုင်ရန် စားသောက်ကုန်လုံခြုံစိတ်ချရေး ရှေ့လုပ်ငန်းစဉ်(၄)ရပ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ FDA မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးထံမှ သိရသည်။
“လူထုနဲ့အထိစပ်ဆုံး အရေးကြီးဆုံး အချက်အချာအကျဆုံးနေရာ Consumer᾽s access point တွေဖြစ်တဲ့ ဈေးတွေ၊ ကျောင်းမုန့်ဈေးတန်းတွေမှာ Post Market Surveillance ဈေးကွက်ထောက်လှမ်း၊ စစ်ဆေး၊ အရေးယူတာတွေကို လုပ်သွားမယ်။ Pre-market Assessment ဆိုတဲ့ ဈေးကွက်မတိုင်မီ စစ်ဆေးခြင်းလုပ်ငန်းစဉ်အနေနဲ့ စက်ရုံတွေ၊ အစားအသောက် ထုတ်လုပ်တဲ့နေရာတွေကို FDA နဲ့ ဆက်စပ်နှီးနွယ်တဲ့ဌာနတွေ ပူးပေါင်းပြီး စစ်ဆေးမှုတွေ ပိုလုပ်သွားဖို့ရှိပါတယ်။ ဝန်ထမ်းတွေကိုလည်း ၃နှစ်အတွင်းမှာ ပညာပေးတာနဲ့ စွမ်းဆောင်ရည်မြင့်တင်မှုတွေလုပ်ပေးတာ ၇၈ကြိမ် ရှိနေပါပြီ ” ဟု FDA မကွေးတိုင်း တာဝန်ခံ ဒေါက်တာပြည့်ထူး က ပြောသည်။
ထို့အပြင် ရောင်းချသူ၊ ထုတ်လုပ်သူများ၏ အတွေးအခေါ်များ ပြောင်းလဲစေရေး လုပ်ငန်းစဉ်တွင် အကျိုးအမြတ်အပေါ် အားစိုက်လုပ်ဆောင်သည့်အခြေအနေမှ စားသုံးသူကို မျက်နှာမူသည့်အခြေအနေသို့ ပြောင်းလဲနိုင်ရေးအတွက် ဟောပြောပွဲနှင့် သင်တန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူများ မှန်ကန်စွာ ရွေးချယ်နိုင်ရေးလုပ်ငန်းစဉ်တွင် Consumer᾽s Raising Programme စားသုံးသူ အသိပညာမြင့်မားရေး ဟောပြောပွဲနှင့် သင်တန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာပြည့်ထူးက ဆက်လက်ပြောပြသည်။
မကွေးတိုင်းဒေသကြီးတွင် FDA ထောက်ခံချက်ရရှိပြီးသော သောက်ရေသန့်လုပ်ငန်း(၇၂)ခု၊ အစားအသောက် လုပ်ငန်း(၂၉)ခု ရှိနေပြီး ဈေးကွက်မတင်မီစစ်ဆေးမှုကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ ၁၄၃ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ ဈေးကွက်ထောက်လှမ်းစောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၁၇ မှ၂၀၁၉ ခုနှစ်အတွင်း ၉၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဆိုင်ပေါင်း ၂၅၀၊ ပစ္စည်းအမျိုးနမူနာ ပေါင်း ၁၂၄၀ ကို စစ်ဆေးကာ ၂၁.၄၃ ရာခိုင်နှုန်းခန့်အား ခွင့်မပြုစာရင်းအဖြစ် သတ်မှတ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ဇေယျတု (မကွေး)


