ရန်ကုန်  ၁၆   သြဂုတ် 


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း စာသင်ကျောင်း အခြေပြု မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်မှုကို ယနေ့ နံနက်ပိုင်းက အဆိုပါမြို့နယ်အတွင်း ညောင်ရွာရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။


လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးသူက "စာသင်ကျောင်းတွေကို အခြေပြုပြီး ဆောင်ရွက်နေတာပါ။ အဓိကကတော့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေအတွက် မီးဘေးနဲ့ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ရင် ဘယ်လို ဆောင်ရွက်နေထိုင်ရမယ်ဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိသွားအောင် လုပ်ပေးတာပါ။ အဲဒီလို သိရှိသွားခြင်း အားဖြင့် အရေးပေါ်အခြေအနေကြုံတွေ့ခဲ့ရင် ဆုံးရှုံးမှုနည်းမယ်။ အသက်အန္တရာယ် ဘေးကင်း လုံခြုံမှုမျိုးတွေ ရရှိသွားမှာဖြစ်ပါတယ်" ဟုပြောသည်။


ယနေ့ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ရာတွင် တာဝန်ရှိသူတို့က မီးဘေး အန္တရာယ်နှင့် ငလျင်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောမှုများပြုလုပ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး လေ့ကျင့်မှုနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။ 


အဆိုပါကျောင်းမှ ဒဿမတန်း ကျောင်းသူ မစုစုခင်က "ထိခိုက်ဒဏ်ရာရရှိသွားတဲ့ လူနာ တစ်ယောက်အနေနဲ့ ပူးပေါင်း ပါဝင်ခဲ့တာပါ။ မီးလောင်မှုဖြစ်ရင် အရင်ဆုံး လုပ်ဆောင်သင့်တဲ့ အချက် တွေကိုသိခဲ့ရတယ်။ ငလျင် နဲ့ပတ်သက်ပြီးတော့လည်း ငလျင်လှုပ်နေတဲ့အချိန်မှာ လက်နှစ်ဖက်ကို ဦးခေါင်းပေါ်မှာတင်ထားရမယ်။ ခိုင်မာမှုရှိတဲ့ စားပွဲတို့ ခုံတို့ရဲ့ဘေးအောက်နားက တြိဂံပုံစံလိုနေရာမျိုးမှာ ဝင်နေရမယ်။ ငလျင်ငြိမ်သွားမှ အဆောက်အဦ အတွင်းကနေ ဘေးလွတ်ရာကို သွားရမယ်ဆိုတဲ့ အသိတွေရခဲ့ပါတယ်" ဟုပြောသည်။


မီးဘေးနှင့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်ကြုံတွေ့လာပါက ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု နည်းပါးစေရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သိရှိထားသော သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာများကို ဆက်လက် ဆင့်ပွားမျှဝေနိုင်ရန်တို့အတွက် ရည်ရွယ်ကာ လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မြို့နယ်ပညာရေးဦးစီးဌာနနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။


အလားအတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် UNDP နှင့်ပူးပေါင်းကာ နည်းပညာ အကူအညီများရယူပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း စသည့်တိုင်းဒေသကြီးများတွင် လည်းကောင်း၊ ချင်းနှင့် ကချင်ပြည်နယ်တို့တွင်လည်းကောင်း၊ နေပြည်တော်တွင်လည်းကောင်း စစ်ကိုင်းငလျင်ကြောနှင့် ထိစပ်လျက်ရှိသော ဒေသကြီး ခြောက်ခုတို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး