မိုးညှင်း ၅ နိုဝင်ဘာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် ငလျင်ဘေးအန္တရာယ် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် အခြေခံပညာ နားခါ အလယ်တန်းကျောင်းတွင် လေ့ကျင့်သရုပ်ပြခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်ဝင်းက ကျောင်းအခြေပြုမီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မီးဘေးကြုံတွေ့ပါက ဆက်သွယ်နိုင်မည့် နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ပြီး ခရိုင်ကြက်ခြေနီတပ်ဖွဲမှူး ဦးမြင့်ဦးငယ်က ရှေးဦးသူနာပြုစုနည်း အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။
ယင်းနောက် ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်းများဖြစ်သည့် အဆောက်အအုံအတွင်း ပိတ်မိနေသည့်လူများအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြု၍ စနစ်တကျကယ်ဆယ်ခြင်း၊ ဒဏ်ရာရ လူနာများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစု၍ ဆုံမှတ်များ အရောက် ပို့ဆောင်ပေးခြင်းများကို အတူတကွပူးပေါင်းလေ့ကျင့်သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လက်တွေ့သရုပ်ပြသခြင်းအခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၃၅၀ကျော်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


