mdn

နေပြည်တော် ၂၃ ဇူလိုင်

 

ဒုတိယကမ္ဘာစစ်ကြီးကာလအတွင်း မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်သားများ စုဆောင်းနေချိန်မှာပင် ငယ်ရွယ်သူများကို စစ်တပ်ထဲမဝင်ဖို့၊ ပညာသင်ကြားရေးတွင် အာရုံစိုက်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းသည့်အကြောင်း ဆရာဦးဝင်းတင် (ဟံသာဝတီ) ရေးသည့် ဗိုလ်ချုပ်နှင့်ဆုံဖူးသည့် နောက်ကြောင်းပြန် အမှတ်တရ စာတစ်ပုဒ်ကို ဖတ်ဖူးသည်။

 

အရွယ်မရောက်သေးသည့် ကလေးစစ်သားဆန့်ကျင်ရေးနှင့်အတူ ပညာရေး၏ အရေးပါမှုကို အမြော်အမြင် ကြီးသူတို့ မည်သို့ တွေးဆသည်။ မည်သို့ တန်ဖိုးထားသည်ကို မြင်ရမည်ဖြစ်၏။

 

မသင်မနေရမူလတန်းပညာရေး၊ အခမဲ့ ပညာသင်ကြားရေး၊ လူတိုင်း စာတတ်မြောက်ရေး၊ စာတတ်သူတိုင်း စာဖတ်ရေး အစရှိသည့် ရည်မှန်း ချက်များသည် ရှေ့တန်းသို့ ရုန်းကန် တွန်းထွက်ရန် ကြိုးစားနေရသည့် မိမိတို့လိုနိုင်ငံအဖို့ မည်မျှအရေးကြီးသည်ကို ခန့်မှန်းနိုင်ပါသည်။

 

၂၀၂၀ နှစ်သစ် အကူးအပြောင်းမှ စတင်လိုက်သည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါကြောင့် စာသင်ခန်းများ ပိတ်ထားရသည်မှာ ကြာခဲ့ပြီ။ အမှန်တော့ ကျောင်းဆိုသည်မှာ ကျောင်းသားသူငယ်များကို စာသင်ကြားရုံ သက်သက်မျှမဟုတ်ဘဲ အနာဂတ်ဘဝခရီးတစ်ခုလုံးအတွက် သိသင့်သိထိုက်သမျှကို ဆည်းပူးရသည့် နေရာဌာန ဖြစ်ပါ၏။ ကျောင်းသားသူငယ်တို့၏ လူမှုရေးမိုးကုပ်စက်ဝိုင်း ချဲ့ထွင်ရာ၊ လူမှုဆက်ဆံရေးကျင့်ဝတ်နှင့် သီလ ကောင်းမွန်ရေးတို့ကို ပျိုးထောင်ရာ၊ နောက်ခံလူမှုဘဝ မတူညီကြသူတို့အကြား စာနာနားလည်မှုရှိရန် လေ့ကျင့်ရာ စသည်ဖြင့် ဘ၀တိုးတက်မြှင့်တင်ရေးနေရာကြီး ဖြစ်ပေသည်။

 

သို့သော်လည်း လူတို့၏ အသက်ဘေးအန္တရာယ်ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာသည့် ကပ်ရောဂါကြောင့် ထိုမျှအရေးကြီးလှသော စာသင်ခန်းတို့ကို ဆွေဆိုသလို မဖြစ်မနေ ပိတ်ခဲ့ရခြင်း ဖြစ်ပါသည်။

 

စာသင်ခန်းတို့ ပိတ်ထားရသည်မှာ ကြာမြင့်သည်နှင့် အမျှငယ်ရွယ် သူတို့အတွက် နစ်နာမှုများက များလှ၏။ စိတ်ဓာတ်ရေးရရာအရပါပညာ သင်ကြားရေးနှင့် ဝေးကွာသွားနိုင်ခြင်း ပညာသင်ကြားမှုအပေါ် ထားရှိသည့် တန်ဖိုးပြောင်းလဲသွားနိုင်ခြင်းတို့က တိုင်းပြည်၏အနာတော်အတွက် များစွာထိခိုက်မှုရှိလာမည် ဖြစ်ပေသည်။

 

ထို့ကြောင့်ပင် ကျန်းမာရေးအသိ အကာအကွယ်တို့ကို စနစ်ကျနိုင်သမျှကျအောင် ပြင်ဆင်ရင်း အထက်တန်း ကျောင်းများကို စတင်၍ ဖွင့်လှစ်နေပြီ ဖြစ်၏။ ထိုမှတစ်ဆင့်အစီအစဉ်အဆင်ပြေမှုပေါ်မူတည်ကာ အလယ်တန်း၊ မူလတန်း စသည်ဖြင့် ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရ၏။

 

တစ်ဖက်တွင် တားဆီးကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးသည့် ကပ်ရောဂါ၏ ခြိမ်းခြောက်မှုက ရှိနေသည့် အားလျော်စွာ အခြေအနေ အရပ်ရပ်ကို တွက်ဆစရာများ၊ စီမံစရာများကို အစွမ်းကုန်ကြိုးစား ပြင်ဆင်ရင်း တန်ဖိုးကြီးလှသော ပညာရေးခရီးကို တစ်ဆင့်ချင်း၊ တစ်လှမ်းချင်း လျှောက်လှမ်းနေကြရခြင်းဟု ဆိုရပါမည်။

 

တိကျခိုင်မာသည့် မူဝါဒများကို ချမှတ်ခြင်းဖြင့် လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာများကို ပိုမိုဖြန့်ဝေခြင်းဖြင့် လည်းကောင်း၊ ကျောင်သား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများအားလုံး အတွက်လုံခြုံစိတ်ချရသော ကျောင်းနှင့်ဝန်းကျင်တို့ ဖြစ်စေရေးအတွက် စနစ်ကျသည့် အကာအကွယ်နှင့် ကြိုတင်ပြင်ဆင်မှုများစွာဖြင့်လည်း ကောင်း အထက်တန်းကျောင်းများကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါသည်။

 

တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းသား ကျောင်းသူ တစ်သန်းကျပ် ကျောင်းအပ်နှံထားပြီး ကျောင်းဖွင့်ခြင်းကို တစ်ပတ်ခြား စီစဉ်ထား သည့်အတွက် စတင်ဖွင့်လှစ်သည့်အပတ်တွင် ကျောင်းသူ ကျောင်းသား ငါးသိန်းကျော် စတင်တက်ရောက်နေပြီဖြစ်ပါသည်။

 

ကျန်းမာရေးဆိုင်ရာ လုံခြုံမှုမပြည့်စုံသေးသည့် အချို့သောကျောင်းများကို လောလောဆယ်တွင် မဖွင့်နိုင် သေးသော်လည်း လျင်လျင်မြန်မြန် ဖြည့်ဆည်းစီမံပြီး မကြာမီဖွင့်နိုင်မည်ဟုလည်း သိရပါသည်။

 

ယခင် နေရိုးနေစဉ်မဟုတ်သည့် နေထိုင်မှုပုံစံအသစ်ဖြင့် လေ့ကျင့် နေထိုင်ကြရချိန်ဖြစ်သည့်အတွက် ကျောင်းသူ ကျောင်းသားများအတွက် ရော၊ ဆရာ ဆရာမနှင့် ဝန်ထမ်းများအတွက်ပါ အဆင်မပြေမှုများ၊ အထစ်အငေါ့၊ မချောမွေ့မှုများက ရှိနေဦးမည်သာ ဖြစ်ပါသည်။

 

မည်သို့သော အခက်အခဲများ၊ ထစ်ငေါ့မှုများ ရှိစေကာမူ ရည်ရွယ် ရင်းဖြစ်သည့် ပညာသင်ကြားရေး၏ တန်ဖိုးနှင့် အနဂတ်နိုင်ငံတော်ကို မျှော်ရည်ရှုမြင်ကာ သည်ခံကြ၊ အားစိုက်ကြိုးစားကြရင်း၊ ရုန်းကန်ကြရင်း အောင်မြင်ကျော်လွှားနိုင်မည်ဟု ယုံကြည်မိပါသတည်း။

 

မြန်မာ့အလင်း