နေပြည်တော်၊ အောက်တိုဘာ ၂၈
စားသုံးဆီများသန့်စင်သည့် နည်းပညာများပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မိမိတို့နိုင်ငံ တွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုပ် စသည့် ဆီထွက် သီးနှံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော်လည်း ပြည်တွင်းဆီစားသုံးမှုတွင် မြေပဲဆီနှင့် နှမ်းဆီ (၂)မျိုးသာ အဓိက ထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထို့ကြောင့် နေကြာဆီအပါအဝင် စားအုန်းဆီ၊ ပန်းနှမ်းဆီ၊ မုန်ညင်းဆီ၊ ပဲပုပ်ဆီ၊ ဝါစေ့ဆီ၊ ဖွဲ့နုဆီ စသည့် ဆီအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျှင် စားသုံးဆီ တင်သွင်းမှုအတွက် အသုံးပြုရသော နိုင်ငံခြားငွေချွေတာနိုင်ခြင်းကြောင့် အခြားပြည်တွင်း လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းတိုးချဲ့ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆီထွက် သီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံရေး နှင့်ဆီစက်များ အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ကဏ္ဍတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာပြီး လက်တွေ့ အောင်မြင်အောင် အကောင်အဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ စားသုံးဆီများ သန့်စင်သည့် (Refinery) နည်းပညာဆိုင်ရာများ သိရှိနိုင်မည်ဖြစ်သည့်အတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရာတွင် အထောက်အကူ ရစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်း၌ စားသုံးဆီဖူလုံရေးနှင့် သန့်စင်သောဆီများ အသုံးပြုနိုင်ရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သန့်စင်သည့်ဆီများ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီဆီစက် များ ရှိရန်လိုအပ်ကြောင်း၊ သို့မှသာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီများကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆီအုန်းများကို စိုက်ပျိုးလျက်ရှိသော်လည်း စားသုံးရန် အသင့်ဖြစ်သော ဆီချောထုတ်လုပ်ရန် စိန်ခေါ်မှု များရှိနေပါကြောင်း၊ ပြည်တွင်း၌ စားသုံးဆီများ ထုတ်လုပ်ရာတွင် ကုန်စင်အောင် ကြိတ်ခွဲနိုင်ရေးအတွက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရန်လိုကြောင်း၊ ပြောကြားသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးလှမိုး က ဌာန အနေဖြင့် ဆီစက်အသေးစားများကို တည်ဆောက်၍ ပြည်တွင်းဆီလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် တောင်သူ လယ်သမားများ အစုအဖွဲ့ သမဝါယမအသင်းများမှတဆင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်အောင် ကူညီဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆီစက်များအတွက် ကုန်ကြမ်း ရရှိရေး၊ အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြည်ပမှ စားသုံးဆီများကို တစ်နှစ်လျှင် တန်ချိန် (၈)သိန်းခန့် တင်သွင်းနေရ ကြောင်း၊ ပြည်တွင်းရှိ ဆီစက်များကို စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်တွင်းရှိ ဆီစက်များအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်လျှင် အနာဂတ်စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီများ သန့်စင်သည့် နည်းပညာများရရှိရေးအတွက် မူဝါဒပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို အစွမ်းကုန် ကူညီဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် က ထုတ်ကုန်များနှင့်ပတ်သက်၍ စံချိန်စံညွှန်းများ သတ်မှတ်ထားရန် လိုကြောင်း၊ စံချိန်စံညွှန်းများ နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများကိုလည်း ချမှတ်ထားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စံချိန်စံညွှန်းဆိုင်ရာကိစ္စရပ်များ၊ ဓာတ်ခွဲခန်းဆိုင်ရာကိစ္စရပ်များ၊ နည်းပညာ ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အပြည့်အဝ ကူညီဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယပိုင်း အခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌက မြန်မာစားသုံးဆီ ထုတ်လုပ်သောလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုခေါင်းစဉ်ဖြင့် လည်းကောင်း၊ အစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များက ဆီသန့်စင်ထုတ်လုပ်သည့် နည်းပညာများ၊ ဖွံ့ဖြိုးရေးချေးငွေအစီအမံများ၊ စံချိန် စံညွှန်းရေးဆွဲမှုများ၊ FDA ဆိုင်ရာ သိကောင်းစရာများ၊ ဈေးကွက်တွင် ဆီထွက်သီးနှံရောင်းချမှု များအကြောင်း ဆွေးနွေးတင်ပြမှုများအပေါ် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)