စားသုံးဆီဖူလုံရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ  နေကြာ ဧက (၃၉၀၀၀၀)ကျော် တိုးချဲ့စိုက်ပျိုးသွားမည်

မုံရွာ၊ မေ ၂၀

 

စားသုံးဆီဖူလုံရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ  နေကြာ ဧက (၃၉၀၀၀၀)ကျော် တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မေ ၁၉ ရက်က တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် ဆီထွက်သီးနှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး က တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် နေကြာသီးနှံ(၃၉၃၁၉၉)ဧကအား လျာထားမှုကို အပြည့်အဝ စိုက်ပျိုးနိုင်ရေး အားလည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းလွင် က မြေယာသယံဇာတတည်ရှိမှုနှင့် နှစ်အလိုက် နေကြာစိုက်ပျိုးမှု၊ မိုးနှင့်ဆောင်း စိုက်ပျိုးခဲ့မှုများကို လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ဆီထွက်သီးနှံများ စိုက်ဧက လျာထားချက်ပြည့်မီရေးအတွက် ထွန်ယက်ရေးကိစ္စများနှင့်ပတ်သက်၍ ဌာနပိုင် စက်များဖြင့် ကူညီဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ညွှန်ကြားရေးမှူး ဦးစောသက်ခိုင်ဝင်းက သဖန်းဆိပ်ဆည်အပြင် အခြားဆည်များမှ ဆည်ရေပေးမည့်အစီအစဉ်များနှင့် မြစ်ရေတင်များမှ ရေပေးမည့် အစီအစဉ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင် က နေကြာမျိုးစေ့ထုတ်များကို ထောက်ပံ့ပေးမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံစံလင်း က မျိုးစေ့ထုတ်အသင်းများမှ မျိုးစေ့ဝယ်ယူဖြန့်ဖြူးမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေကြာစိုက်ဧက (၃၉၀၀၀၀)ကျော်အတွက် အကျိုးဆောင် တောင်သူများဖြင့် ဧက(၄၀၀၀)မျိုးစေ့ထုတ် စိုက်ပျိုး၍လည်းကောင်း၊  မျိုးစေ့ထုတ်အခင်းများမှ ဧက(၁၀၀၀၀)နှင့် မိမိတို့ စိုက်ပျိုးရေးဌာနခြံများမှ ဧက(၁၃၀) တို့အား မျိုးစေ့ထုတ် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြင့်နိုင်စိုး (ထီးလှိုင်မြေ)