နေပြည်တော် နိုဝင်ဘာ ၁၁

 

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က လူတစ်ဦးချင်း ဆီစားသုံးမှုမြင့်မားလျက်ရှိသည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်ဆီစားသုံးမှုပုံစံ ပြောင်းလဲကျင့်သုံးရန် လိုအပ်လျက်ရှိပြီး တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်၍ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ကုမ္ပဏီအလိုက်တင်သွင်းရမည့် ပမာဏလျာထားသတ်မှတ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းတို့ကို ဝန်ကြီးဌာနမှချမှတ်ပေးသည့် မူဘောင်အတွင်းမှ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စားသုံးဆီများကို အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီတင်သွင်းပြီး ဈေးကွက်၌ ဖြစ်သင့်ဖြစ် ထိုက်သည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချရေးကို စားသုံးဆီတင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် Supply Chain တစ်လျှောက်ရှိ သက်ဆိုင်ရာ Stakeholder များအားလုံးမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက စားသုံးဆီတင်သွင်း သိုလှောင်ဖြန့် ဖြူးရောင်းချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်သင့်သည့် အစီအမံများကို ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်လျှောက် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့သူများကို ကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စားသုံးသူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စားသုံးဆီ တင်သွင်းမှုကို နှစ်အလိုက် လျှော့ချခြင်း၊ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုကို အားပေးမြှင့်တင်ခြင်း၊ အရည်အသွေးပိုင်းဆိုင်ရာကိစ္စရပ်များကို စနစ်တကျ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ခြင်း၊ Consumer Pack ဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဦးစားပေး ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှု အလေ့အကျင့်ကောင်းများ ရရှိလာမည် ဖြစ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့  စားသုံးဆီတင်သွင်းသိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)