နေပြည်တော် ၂ ဇူလိုင်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ ဖော်ပြပါ အစားအသောက်များ၌ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြုဆိုးဆေးများနှင့် တာရှည်ခံ ဓာတုဆေးများ ပါဝင်ခြင်းတို့ကြောင့် အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသဖြင့် ယခုဖော်ပြထားသော အစားအသောက်များကို နောက်ထပ်ကြေညာချက် ထုတ်ပြန်သည်အထိ စားသုံးခြင်း မပြုရန် အသိပေးထားသည်။
အစားသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ တာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြု ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။
MDN

