ထီးချိုင့် ၁၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်၍ ထီးချိုင့်မြို့ စည်ပင်သာယာရေးဈေးအတွင်းရှိ ပြည်သူများအား ဈေးကွက်အတွင်းမှ စာသုံးရန်မသင့်သည့် အစားအသောက်၊ ကုန်ပစ္စည်းများနှင့် ပတ်သက်၍ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မင်းနှင့် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဈေးသူ၊ ဈေးသားများနှင့် ပြည်သူများအား စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင်ဦးစီးမှူး ဦးအောင်မင်းက ကုန်ပစ္စည်းများတွင် မြန်မာစာတန်းနှင့် အခြားဘာသာ စာတန်း များ တွဲလျက်ပါဝင်မှသာ ဝယ်ယူစေလိုကြောင်း၊ ကုန်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီနှင့် နေရပ် လိပ်စာပါဝင်မှု၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်း ကုန်ဆုံးသည့် ရက်စွဲပါဝင်မှု၊ ကျန်းမာရေး ဦးစီးဌာန၏ ထောက်ခံချက်ပါဝင်မှုနှင့် ပါဝင်သည့် ပစ္စည်းအမျိုးအမည် ပါဝင်မှုများ သေချာကြည့်ရှုပြီးမှသာ ဝယ်ယူစားသောက် စေလိုကြောင်း၊ စားသောက်ကုန် ပစ္စည်းများတွင် မြန်မာစာတန်းပါ ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး ဥပဒေထွက်ရှိပြီး ဖြစ်ကြောင်း၊ ထုတ်လုပ်သူများအား မြန်မာစာပါစာတန်းနှင့် အခြားဘာသာပါ စာတန်းတွဲလျက် ထည့်သွင်းထုတ်လုပ်ရေးနှင့် ထည့်သွင်းထားခြင်း မရှိပါက ဥပဒေပုဒ်မ၂၈(က)အရ အရေးယူသွားမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ရဲလင်းထွန်း (ပြန်/ဆက်)
