နေပြည်တော် ၂၅ မတ်
စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီကို စားသုံးသူကာကွယ်ရေး ကော်မရှင်အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့် စားသုံး သူအကာအကွယ်ပေးရေးကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် ဗဟို ကော်မတီသည်လည်း ဥပဒေအသစ်ပြဋ္ဌာန်းချက်အရ ကော်မရှင်ဖွဲ့စည်းပြီးသည်အထိ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆက်လက်တာဝန်ယူ ဆောင်ရွက်သွား ရမည်ဖြစ်ပြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များသည်လည်း ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်သည်အထိ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။
စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များကို စားသုံးသူရေးရာကော်မတီများ အဖြစ် ပြန်လည်ဖွဲ့စည်းရာတွင် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်အဆင့်တွင် ခရိုင်အုပ်ချုပ်ရေးမှူးက ဆက်လက်တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး က ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ၂၀၁၉ မတ် ၁၅ ရက်က စားသုံးသူကာကွယ်ရေးဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးဖြစ်ရာ အဆိုပါ ဥပဒေအသစ်အရ တိုင်ကြားသည်ဖြစ်စေ၊ မတိုင်ကြားသည်ဖြစ်စေ ဌာနအနေဖြင့် ရရှိသည့် သတင်းအချက်အလက် ခိုင်မာမှု အပေါ်တွင် စုံစမ်းစစ်ဆေးအရေးယူနိုင်သည့် အခွင့်အာဏာများ ပါရှိလာမည်ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောကြားသည်။
စားသုံးသူများ ဘေးကင်းလုံခြုံစေရန်အတွက် ကုန်စည်များအပေါ်တွင် သုံးစွဲပုံနှင့် ပတ်သက်သည့် သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာ ဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြန်ရန် လိုအပ်သည့် အမိန့်ကြော်ငြာ စာကို၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြင်ဆင်ချိန် ကာလ ၆ လ သတ်မှတ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်သည့် စားသုံးသူကာကွယ်ရေး ဥပဒေ သစ်တွင် ဆိုင်းငံ့ကာလ တစ်နှစ်ပေးခဲ့သည့်အတွက် တစ်နှစ်ပြည့်မြောက်သည့် ၂၀၂၀ မတ် ၁၅ ရက်မှစတင်၍ အာဏာသက်ရောက်မည်ဖြစ်ရာ ဥပဒေသစ်တွင် မြန်မာ ဘာသာဖြင့် ဖော်ပြရမည်ကြောင်း သိရသည်။
အဆိုပါ ဥပဒေသစ်တွင် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်၊ စားသုံးသူ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန်ပြန့်ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းများကို ဆောင်ရွက် နိုင်စေရန်၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိ စေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်ရန်၊ စားသုံးသူကာကွယ် ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက် စေရန်၊ စားသုံးသူတို့ကို ဘေးအန္တရာယ် ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကိုသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များ ပေါ်ပေါက်လာစေ ရေးအတွက် စီမံဆောင်ရွက်ပေးမှုများ၊ ထိန်းကျောင်းမှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် ယင်းအဖွဲ့များအား ကောင်းခိုင်မာမှုရှိစေရေးအတွက် အပြန်အလှန် ပူးပေါင်းကူညီ ဆောင်ရွက်ရန်နှင့် စားသုံးသူတို့ကို ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင် ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များပါဝင်ကြောင်း သိရသည်။
အေးအေးသန့်


