နေပြည်တော် ၂၅ မတ်
စားသုံးသူအကာကွယ်ပေးရေးဗဟိုကော်မတီ (၁/၂၀၁၉) ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စားသုံးသူအကာကွယ်ပေးရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကဏ္ဍကြီး (၆) ရပ်ဖြစ်သည့် “ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာဖြေလျော့ပေးရေး၊ ကုန်သွယ်မှုပညာ ပေးရေး၊ စားသုံးသူအကာအကွယ်ပေးရေး” တို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိ သည့်အပြင် SMEs ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ အထူး စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကိုလည်း ထပ်မံတာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊
အာဆီယံစီးပွားရေး အသိုက်အဝန်းအတွင်း “နိုင်ငံဖြတ်ကျော်ကူးသန်း ရောင်းဝယ် ရေး လုပ်ငန်းများတွင် စားသုံးသူယုံကြည်မှုမြင့်မားစေခြင်း”အရ စားသုံးသူ ဘေးကင်းလုံခြုံစေရေးအတွက် ကုန်စည်များအပေါ်တွင် သုံးစွဲပုံနှင့်ပတ် သက်သော သတင်း၊ အချက်အလက် သို့မဟုတ် ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရန် လိုအပ်သည့်အမိန့်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်ပေးခဲ့ပါကြောင်း၊
ယခုအခါ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေသစ်ကို ၂၀၁၉ ခုနှစ်၊ မတ် ၁၅ ရက် (ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့)တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၉/၂၀၁၉ ဖြင့် နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ စားသုံးသူ ကာကွယ်ရေးကော်မတီတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံနိုင်ငံများနှင့်အတူ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
စားသုံးသူများနှင့်ဒေသဆိုင်ရာ စီးပွားရေးကို အကာအကွယ်ပေးနိုင်ရန်နှင့် လက်ရှိကာလတွင် စားသုံးသူအရည်အသွေးပြည့်မီ စစ်မှန်သော ကုန်စည်များ ရယူ သုံးစွဲနိုင်ရေး၊ နောင်ကာလများတွင် စားသုံးသူများ လုံခြုံစိတ်ချမှုရှိ၍ အရည်အသွေး ကောင်းမွန်သော ကုန်စည်များကို ရရှိနိုင်စေရန် ကုန်သွယ်မှုဝင်/ထွက် ပေါက်များဖြစ် သည့် မူဆယ်မြို့တွင် စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ညှိနှိုင်း၍ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံနယ်စပ်တွင် နစ်နာ ဆုံးရှုံးမှုမရှိစေရန် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာကို ဖွင့်လှစ်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ ဥပဒေသစ်အရ “စားသုံးသူအကာ အကွယ်ပေးရေးဗဟို ကော်မတီအစား စားသုံးသူကာကွယ်ရေးကော်မရှင်”ကို အသစ်ပြန်လည်ဖွဲ့စည်း၍ စားသုံးသူရေးရာကော်မတီများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် များတွင်လည်းကောင်း၊ လိုအပ်ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးများနှင့် ခရိုင်များတွင်လည်းကောင်း ဆက်လက် ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ ယခုအသစ် ပြဋ္ဌာန်းလိုက်သည့် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်ပတ်သက်၍လည်း အများပြည်သူသိရှိအောင် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်း ဆွေးနွေး အသိပညာပေးမှုများ ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် စားသုံးသူအကာအကွယ် ပေးရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ရှေ့ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ် ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စားသုံးသူ အကာ အကွယ်ပေးရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရေးနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


