မန္တလေး ၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဈေးနှင့် သားသတ်ဌာန၊ သန့်ရှင်းရေးဌာနတို့မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၃၀ ရက် နံနက်၉နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဆရာစံဈေးသို့ သွားရောက်၍ စားသုံးရန်မသင့် သော စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့သည် ဆရာစံဈေးအတွင်း ကုန်မျိုးစုံရောင်းချသောဆိုင်၊ စားသောက်ကုန် ရောင်းချသော ဆိုင်များတွင် ခွင့်မပြုဆိုးဆေးပါ စားသောက်ကုန်များ၊ ရက်လွန်အစားအစာများ၊ FDA မှ တားမြစ်ထားသော ကလေးစားစရာ စားသောက်ကုန်များ၊ ချိုချဉ်နှင့်ဝေဖာများ၊ ဆိုးဆေးပါမျှစ်များ ငါးပိများ၊ ပုဇွန်ခြောက်များ၊ အနံထည့်ထားသည့် စံမညီ စားသုံးဆီများ ရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးပြီး စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါစီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် ကျင့်ဝတ်များကိုလည်း အသိပညာပေးခဲ့ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)