နေပြည်တော် ၃၁ ဇန်နဝါရီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းသည် စာတိုက်ပေါင်း ၁၃၉၀ ဖြင့် တစ်နိုင်ငံလုံးတွင် စာတိုက်ဝန်ဆောင်မှု လုပ်ငန်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာ့စာတိုက်လုပ်ငန်း၏ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြန်မာ့စာတိုက်လုပ်ငန်း၏ website ဖြစ်သည့် www.myanmarepost.com တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
သုံးစွဲသူပြည်သူများ ပေးပို့သည့် အမြန်ချောပစ္စည်းများကို www.myanmar epost.com တွင် ခြေရာခံထောက်လှမ်းနိုင်ခြင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးများ အချင်းချင်း ယနေ့ပို့ မနက်ဖြန်ရောက် အိမ်တိုင်ရာရောက် ပေးဝေခြင်းအား နေပြည်တော်ဗဟိုစာတိုက်ကြီးတွင် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့စာတိုက်လုပ်ငန်းမှ တံဆိပ်ခေါင်းရောင်းခြင်း၊ ပြည်တွင်းပြည်ပမှ ရိုးရိုးစာ၊ မှတ်ပုံတင်စာ၊ ချောထုပ်၊ ပုံနှိပ်စာရွက်စာတမ်း၊ တန်ဖိုးပေးရွေးစာ/ချောထုပ်နှင့် ရိုးရိုးငွေပို့လွှာ လက်ခံခြင်းနှင့် ပေးဝေခြင်း၊ စာတိုက်သေတ္တာငှားရမ်းခြင်း၊ ကြေးနန်းလုပ်ငန်းတို့ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။
ထို့ပြင် ထပ်ဆောင်းဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ပြည်တွင်းပြည်ပ အမြန်ချောပို့လုပ်ငန်း၊ ပြည်တွင်းအမြန်ငွေပို့လွှာလုပ်ငန်း၊ ယနေ့ပို့ မနက်ဖြန်ရောက် အိမ်တိုင် ရာရောက်ပေးဝေးခြင်း၊ နေ့ချင်းရောက်စာဝေခြင်း၊ ဒေသထွက်ကုန်များ ပေးဝေခြင်း၊ Online Shopping လုပ်ငန်းအား Cash On Delivery ဝန်ဆောင်မှု ပေးခြင်းတို့အပြင် ဘဏ်ကိုယ်စားလှယ်လုပ်ငန်းနှင့် Mobile Money လုပ်ငန်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စာတိုက်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိရှိလိုပါက သုံးစွဲသူဝန်ဆောင်မှု ဌာန၏ ဖုန်းနံပါတ် ဝ၆၇-၃၄၂၀၈၈၈ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)