နေပြည်တော် စက်တင်ဘာ ၁၉

 

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

           

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ပြုလုပ်သည့်  ညှိနှိုင်းအစည်း အဝေးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဂုတ် ၃၀ ရက်တွင် ကျင်းပခဲ့ သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး (၄/၂၀၂၃)တွင် ကျေးလက်နေပြည်သူများ အပါအဝင် ဒေသခံ တိုင်းရင်းသားများ၏ စာတတ်မြောက်မှုနှင့် အတန်းပညာတတ်မြောက်မှု အားနည်းသည်ကို တွေ့ရှိရသည့်အတွက် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး “ ဝ၊ ထ၊ က၊ လ ၊ သ” စီမံကိန်းကို မိမိတို့ ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း။

 

အထောက်အထားများအရ အခိုင်အမာသိရှိ

သမိုင်းကြောင်းကို ပြန်ကြည့်ပါက ရှေးမြန်မာ မင်းများလက်ထက် မြန်မာ့လူဘောင်အဖွဲ့အစည်းတွင် စာမတတ်သူ နည်းပါးပြီး စာတတ်မြောက်သူများပြားခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ရှေးမြန်မာမင်းများ၏ အားပေးမှုနှင့် ဘုန်းတော်ကြီးကျောင်းများ၏ သင်ကြားမှုကြောင့် စာတတ်မြောက်မှုမြင့်မားခဲ့ခြင်းဖြစ်သည်ကို ပြည်တွင်းပြည်ပ သမိုင်း အထောက်အထားများအရ အခိုင်အမာသိရှိကြောင်း။

 

မိမိတို့နိုင်ငံ အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ် ကိုလိုနီခေတ် ကျွန်သပေါက်ကျရောက်ချိန်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု နှုန်းမှာ ၃၅ ရာခိုင်နှုန်းအထိကျဆင်းခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၆၄ ခုနှစ်မှ စာတတ်မြောက်ရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ရာ ၁၉၇၃ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၆၆ ဒသမ ၉ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၇၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး စာတတ်မြောက်မှုရှိခဲ့သည်ကို ထုတ်ပြန် ထားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လူဦးရေ သန်းခေါင်စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြား ခဲ့ရသည့် ကလေးပေါင်း ၂ ဒသမ ၇ သန်း ခန့်ရှိပြီး အသက် ၁၅ နှစ်နှင့်အထက် စာမတတ် သူပေါင်း ၃ ဒသမ ၅၅ သန်းခန့် ရှိနေကြောင်းကို ထုတ်ပြန်ထားကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ နိုင်ငံအတွင်း တွင် အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် ၄ ဒသမ ၁ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အမျိုးသမီး စာမတတ်မြောက်သူ ရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားကြောင်းကို တွေ့ရှိရကြောင်း။

 

အကျယ်တဝင့် လမ်းညွှန်ထားပြီးဖြစ်

ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်က ပညာခေတ်တွင် ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်သွားရန်၊ ယခင်မိမိတို့နိုင်ငံတွင် “အ” သုံးလုံးသင်တန်းများ သင်ကြား ပေးခဲ့ရာ အောင်မြင်မှုများရရှိခဲ့သဖြင့် ကမ္ဘာပေါ်တွင် စံပြပုံစံအဖြစ် အသိအမှတ်ပြုခံခဲ့ရကြောင်း၊ “အ” သုံးလုံး သင်တန်း များမှတစ်ဆင့် စာပေဖတ်ရှုမှုကို စိတ်ဝင်စားလာပြီး ပညာတတ်မြောက်လိုစိတ်များ ဖြစ်ပေါ်လာနိုင်ပြီးကျောင်း ပြင်ပ ပညာရေး (Non - Formal Education) ဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ ထိုမှတစ်ဆင့် KG+9 ကို သင်ကြားပေးနိုင်မည်ဖြစ် ကြောင်းဖြင့် စက်တင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၃)တွင် အကျယ်တဝင့် လမ်းညွှန်ထားပြီးဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် အီရန်နိုင်ငံ တီဟီရန်မြို့၌ကျင်းပခဲ့သည့် နိုင်ငံတကာစာတတ် မြောက်ရေး လှုပ်ရှားမှုအဖြစ် သတ်မှတ်သည့် ၁၉၆၆ ခုနှစ်ထက် နှစ်နှစ်စောပြီး စတင်ဆောင်ရွက်ခဲ့ကြောင်း၊ စာတတ် မြောက်ရေးကို ၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင် “အ” သုံးလုံး ဖခင်ကြီးဖြစ်သော ပညာရေး အထူးအရာရှိ (ဆရာ အတတ်သင်) “ဆရာကြီး ဦးသံဗျင်”က ပညာရေး ဝန်ကြီးဌာနသို့ စာမတတ်သူပပျောက်ရေး “အ” သုံးလုံးစီမံကိန်းကြီးကို ဆောင်ရွက်ခွင့် တောင်းခံခြင်းမှ စတင်ခဲ့သည် ဟု လေ့လာသိရှိရကြောင်း၊ ၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် မိတ္ထီလာမြို့နယ် အရှေ့သဖန်း စံပြကျေးရွာ၌ “အ” သုံးလုံး ကျေသင်တန်းကို မူလတန်းဆရာဖြစ်သင်တန်းမှ ဆရာ သုံးဦးနှင့် အလယ်တန်းဆရာဖြစ် သင်တန်းမှ ဆရာတစ်ဦးတို့က ပထမဆုံး စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ “အ” သုံးလုံး သင်တန်းသား ၂၀၀ ခန့် တက်ရောက်သင်ကြားခဲ့ကြောင်း၊ တစ်လကုန်၍ စစ်ဆေးပြီးသောအခါ သင်တန်းသား ၁၀၀ ခန့် စာတတ်မြောက်ခဲ့ ကြောင်းကို တွေ့ရှိရကြောင်း။

 

စာတတ်မြောက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်

တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများမှ စေတနာလုပ်အားပေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်များမှ ဆရာ၊ ဆရာမများက ပါဝင်လုပ်အားပေးခဲ့ကြကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာ ကျောင်းများ ကျောင်းပိတ်ချိန်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများ၏ စေတနာလုပ်အားဖြင့် စာတတ်မြောက်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြ ကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်းရှိ အခြေခံပညာအထက်တန်း အောင်မြင်သူများ၊ သင်ယူဖူးသူများနှင့် ဘွဲ့ကြိုဘွဲ့ရ စေတနာ လုပ်အားပေးများကလည်း အဆိုပါလှုပ်ရှားမှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်ကို မှတ်တမ်း များအရ သိရှိရကြောင်း။

 

မြန်မာနိုင်ငံကို ပေးအပ်ချီးမြှင့်ခဲ့

ထို့ကြောင့် ၁၉၇၁ ခုနှစ်တွင် မိတ္ထီလာ ခရိုင်လုံး ကျွတ်စာတတ်မြောက်ရေး အောင်ပွဲကို ကျင်းပနိုင်ခဲ့ပြီး နယ်မြေခံလူထု ရှစ်သောင်းကျော်နှင့်အတူ တစ်နိုင်ငံလုံးမှ သတင်းစာဆရာများ စုံစုံလင်လင်တက်ရောက်ကျင်းပနိုင်ခဲ့ရာ အဆိုပါ လူထုလှုပ်ရှား မှုဖြင့် စာမတတ်သူပပျောက်ရေး ဆောင်ရွက်ချက်ကို လည်း ယူနက်စကိုက အသိအမှတ်ပြု ဂုဏ်ပြုသည့် အနေဖြင့် “မိုဟာမက်ရေဇာပါလာဗီဆု”ကို ၁၉၇၁ ခုနှစ် စက်တင်ဘာ ၈ ရက် နိုင်ငံတကာ စာတတ်မြောက်ရေး နေ့တွင် မြန်မာနိုင်ငံကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း။

 

 ထို့အပြင် ၁၉၈၄ ခုနှစ်တွင် ဆရာကြီး ဦးသောင်းထွန်းက ဂျာမနီနိုင်ငံ အနောက်ဘာလင်တွင် ကျင်းပခဲ့သည့် စာတတ်မြောက်ရေးညီလာခံတွင် Burmese Way to Literacy စာတမ်းတင်သွင်းခဲ့ရာ မြန်မာနိုင်ငံ၏ စာတတ် မြောက်ရေးအတွက် ဘတ်ဂျက်မလို စေတနာဝန်ထမ်း လူထုလှုပ်ရှားမှုကို ကမ္ဘာသိဖြန့်ဝေနိုင်ခြင်း၊ နိုင်ငံတကာစာတတ် မြောက်ရေး သက်ကြီးဖတ်စာများ၊ စာစဉ်များ ဖြန့်ဝေ နိုင်ခြင်းတို့အတွက် ယူနက်စကိုက “နိုမာဆု”ကို ထပ်မံချီးမြှင့်ခြင်း ခံခဲ့ရသည်အထိ ကမ္ဘာသိလှုပ်ရှားမှုအဖြစ် အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှု ကြောင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေးသည် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုစဉ်က မြန်မာတစ်နိုင်ငံ လုံး ၃၀၈ မြို့နယ်ရှိသည့်အနက်မှ ၂၉၇ မြို့နယ်အထိ ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်ကောင်းများရရှိပြီး သန်းနှင့်ချီသော ပြည်သူများ စာတတ်မြောက်လာခဲ့သည်အထိ အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်ကြောင်း။

 

ယခု ၂၀၂၃ ခုနှစ် (၅၇)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့  ဆောင်ပုဒ်ဖြစ်သည့် “တည်ငြိမ်အေးချမ်း သော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်အတိုင်း စာတတ်မြောက် ခြင်းသည် တစ်ဦးချင်းစီ၏ အကျိုးကျေးဇူးများ ရရှိရုံသာမက မိမိတို့၏ ဒေသအတွင်း၊ နိုင်ငံတွင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသည့် အကျိုးကျေးဇူးများလည်းရရှိစေရန် စွမ်းဆောင်ပေးကြောင်းကို ထင်ရှားစေခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများ ဦးတည်လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နေချိန်တွင် ယင်းစနစ်ကို အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်များနှင့် လိုက်နာကြရမည့် ပုဂ္ဂိုလ်များသည် စာတတ်မြောက်ရန်နှင့် အတန်းပညာ တတ်မြောက်နေရန် လိုအပ်သကဲ့သို့ ဒေသခံတိုင်းရင်းသား များကလည်း မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့်  မြန်မာစာကိုလည်း တတ်မြောက်နေရန် လိုအပ်သည့် အတွက် စာတတ် မြောက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။

 

စာတတ်မြောက်မှ အများသူငှာတို့၏ မြှောက်ပင့် စည်းရုံးဆွဲဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြားနိုင်မည် ဖြစ်ကြောင်း၊ စာတတ်မြောက်မှုမှ စာပေဖတ်ရှု လေ့လာလိုစိတ်ရှိလာမည်ဖြစ်ပြီး စာပေလေ့လာဖတ်ရှုမှလည်း မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံအတွင်း အချို့မြို့နယ်များနှင့် နယ်စပ်ဒေသ အချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ ဤနေရာတွင် ဆရာတော် ရှင်မဟာရဋ္ဌသာရက “ဧကရတုပုဒ်” တွင် “သုစိပုဘာ ဝိလိသိဓာ” အက္ခရာ ၈ လုံးကို ဆရာတော်၏ စာသင်သားတပည့်များကို နေ့စဉ်ကျင့်သုံးလိုက်နာရမည့် အချက်အဖြစ် ညွှန်ပြထားသည်ကို တွေ့ရ ကြောင်း၊ ထိုအက္ခရာ ၈ လုံး၏ အနက်အဓိပ္ပာယ်မှာ သုဏေယျ-ကြားနာရ၏၊ စိန္တေယျ- ကြံစည်ရာ၏၊ ပုစ္ဆေယျ- မေးမြန်းရာ၏၊ ဘာသေယျ- ပြောဆိုဆွေးနွေးရာ၏၊ ဝိစာရေယျ- စူးစမ်းဆင်ခြင်ရာ၏၊ လိစေယျ- ရေးမှတ်ရာ၏၊ သိက္ခေယျ- လေ့ကျင့်ရာ၏၊ ဓာရေယျ-နှုတ်တက်ဆောင်ရာ၏ဟု ဖော်ပြထားကြောင်း၊ ယင်းအဓိပ္ပာယ်နှင့် ရတုစာပုဒ်ကို ကြည့်ခြင်းဖြင့် စာတတ်မြောက်မှုသည် မည်မျှအရေးကြီးသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ စာတတ်မြောက်မှ အဆင့် အတန်းပညာကိုလည်း ဆက်လက်သင်ယူတတ်မြောက်ပြီး “ပညာရွှေအိုး လူမခိုး”၊ အလိမ္မာစာမှာရှိ ဆိုသကဲ့သို့ မိမိကိုယ်တိုင် အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ပြီး မမှားသင့်သည်ကို မမှားရအောင် မိမိနှင့် ပတ်ဝန်းကျင်ကို ထိန်းကျောင်းပဲ့ပြင်နိုင်မည်ဖြစ်ကြောင်း၊ ရှေးမြန်မာမင်းများလက်ထက် ကုဋေရှစ်ဆယ်သူဌေးသား အကြောင်း အရာများသည် အသိပညာအတတ်ပညာမရှိခဲ့သည့်အတွက် နောက်ဆုံးဘဝ နိဂုံးချုပ်မလှ ဖြစ်ခဲ့ရသည့် ဖြစ်စဉ်သာဓကများဖြစ်ပြီး ဦးကျည်ပွေ့ဖြစ်စဉ်ကလည်း စာတတ်မြောက်မှုမည်မျှအရေးကြီးသည်ကို ဖော်ပြနေသည့် အချက်ပင် ဖြစ်ကြောင်း။

 

ပွင့်ပွင့်လင်းလင်း ဆွေးနွေး

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနကို ဖွဲ့စည်းထားပြီး စာတတ် မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေးများကို အကောင်အထည်ဖော်လျက်ရှိကြောင်းကို သိရှိရကြောင်း၊ ယခု လုပ်ငန်းကို မိုးလေဝသ ကင်းရှင်းပြီး လယ်ယာများ၊ တောင်ယာများ ရိတ်သိမ်းပြီးချိန်တွင် စတင်ဆောင်ရွက်နိုင်ရန်နှင့် လက်တလော စတင်ဆောင်ရွက်၍ရမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်အဆင့်ကိုလည်း ယနေ့အစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး စာတတ် မြောက်မှု တိုးတက်လာ ရေးသည် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းသာမက ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ဝိုင်းဝန်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူများ စာတတ်မြောက်ခြင်း၏ အရေးပါမှုကိုသိရှိရန်၊ နားလည်နိုင်ရန် အသိပညာ ပေးရေးသည်လည်း အရေးကြီးသည်ကို သတိပြုရမည်ဖြစ်ကြောင်းနှင့် ယနေ့အစည်းအဝေးတွင်  နိုင်ငံတော်အတွက် အရေးပါလှသည့် ပြည်သူများ စာတတ်မြောက်မှု တိုးပွားလာစေရန်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

 

ရှင်းလင်းတင်ပြ

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စာသင်သားသုံး အထောက်အပံ့ပစ္စည်းများ၊ နည်းပြ၊ ကြီးကြပ်ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်း ပြင်ပနှင့်  တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက အမျိုးသား ပညာရေး ဥပဒေဆိုင်ရာများနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ဖွဲ့စည်းထားရှိမှု၊ “ ဝ၊ ထ၊ က၊ လ၊ သ” (အခြေခံစာတတ်မြောက်ရေး)အဆင့်မှ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်ရင်းသားပြည်သူများ  စာတတ်မြောက်ရေး အကောင်အထည်ဖော်  ဆောင်ရွက်ရေးလုပ်ငန်း စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး  ကော်မတီအဖွဲ့ဝင်များက ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လုပ်ငန်းစီမံချက်အပေါ် ဝန်ကြီးဌာနများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအမံများနှင့် အကြံပြုချက် များကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြ မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်