စာတတ်သူတိုင်း စာဖတ်ကြရေး လှုပ်ရှားမှုသည် တစ်ဦးချင်းအတွက်ရော နိုင်ငံအတွက်ပါ အရေးပါ

စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားကို မကြာမီ ကျင်းပတော့မည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာတတ်မြောက် သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက် လာစေရေးအတွက် အားပေးလှုံ့ဆော်ရန်ဟူသော ရည်ရွယ်ချက်က အထက်ဖော်ပြပါ လှုပ်ရှားမှု အခမ်းအနား ပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်ပြီး နိုင်ငံတွင်းရှိ ဒေသ အနံ့အပြားမှာ လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမှာလည်း ဖြစ်သည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် (အသက် ၁၅ နှစ်နှင့် အထက်) အရွယ်ရောက်ပြီးသူ စာတတ်မြောက်မှုနှုန်းမှာ ၈၉ ဒသမ ၅၂ ရာခိုင်နှုန်းရှိသည်။ အရွယ်ရောက်ပြီးသူ အမျိုးသား ၉၂ ဒသမ ၆ ရာခိုင်နှုန်းသည်လည်းကောင်း၊ အရွယ်ရောက်ပြီးသူ အမျိုး သမီး ၈၆ ဒသမ ၉ ရာခိုင်နှုန်းသည်လည်းကောင်း စာတတ်မြောက်ပြီးသူများ ဖြစ်ကြသည်။ စာတတ်မြောက်ကြခြင်းသည် ကျောင်းသင်ပညာရေးကြောင့်ဖြစ်စေ၊ အသုံးလုံး ကဲ့သို့သော စာမတတ်သူ ပပျောက်ရေး လှုပ်ရှားမှုများကြောင့်ဖြစ်စေ စာဖတ်နိုင်စွမ်း ရှိနေကြခြင်း ဖြစ်သည်။ ကျောင်းသင်ပညာကြောင့် စာတတ်မြောက်နေ ကြစေကာမူ စာဖတ်သည့်အလေ့အထ နည်းပါးနေ မည်ဆိုပါက တန်ဖိုးမြင့်သည့် လူသားအရင်း အမြစ်ဖြစ်လာရေးမှာ စိုးရိမ်ဖွယ်ရာ ဖြစ်သည်။ လွတ်လပ်ပွင့်လင်းလာသည ့်ခေတ်မှာ နေ့စဉ်နှင့်အမျှ ထွက်ရှိနေသည့် စာအုပ်များစွာတို့က စာဖတ်ဝါသနာရှင်တို့အတွက် လက်လှမ်း တစ်မီမှာ။ ရွေးချယ်ဖတ်ရှုရုံသာ ဖြစ်သည်။ စာတတ်သူတိုင်း စာဖတ်ကြသည်နှင့်အမျှ အကြောင်းအရာများစွာ၊ ဘာသာရပ်များစွာတို့အတွက် ဖတ်ရှုစရာ စာအုပ်များစွာတို့ စဉ်ဆက်မပြတ် ထုတ်ဝေထွက်ပေါ်လာကြမည် မလွဲ။

စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှုအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၊ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့မှ ပြခန်းများပါဝင်ပြသသွားမည်ဖြစ်ကြောင်းနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များအနက်မှ ဆန်းသစ်တီထွင် မှုရှိသည့် စာကြည့်တိုက် ၂၀ ကို ဆုချီးမြှင့်ခြင်း၊ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ စာအုပ် ဈေးရောင်းပွဲတော်များ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း တို့ကို မီဒီယာများသို့ တွေ့ဆုံရှင်းလင်းခဲ့ပြီးဖြစ်သည်။ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ဒီဇင်ဘာ ၂၀ ရက်နှင့် နှင့် ၂၁ ရက်တို့တွင် ကျင်းပမည့် စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှု အခမ်းအနားက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသည့် ဌာနအသီးသီးတို့၏ စွမ်းဆောင်မှုများနှင့်အတူ စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် ပြည့်လျက်ရှိသည်။

စာတတ်သူချင်းအတူတူ စာဖတ်သူက ခေါင်းတစ်လုံး ပိုမြင့်သည်။ စာနည်းနည်းဖတ်သူထက် စာများများ ဖတ်သူက အသိအမြင် ပိုသည်။ စာကိုပို၍ပို၍ ဖတ်လေလေ အသိပညာဗဟုသုတ မိုးကုပ်စက်ဝိုင်းက ပို၍ပို၍ ကျယ်ပြန့် လေလေဖြစ်သည်။ စာတတ်သူတိုင်း စာဖတ်ရေးလှုံ့ဆော်ခြင်း အားပေးတိုက်တွန်းခြင်းသည် လူတစ်ဦးချင်း အတွက်ရော နိုင်ငံအတွက်ပါ ကောင်းကျိုးဖြစ်ထွန်းစေမည်မှာ မလွဲဧကန်ဟူ၍ ယုံကြည်ပါကြောင်း။    ။
(မြန်မာ့အလင်း)